Sunday, November 29, 2009

ည (သို့) မိုး (သို့) မျက်ရည် (သို့) လွမ်းဆွတ်ခြင်းနဲ့ အတူ


“ဟဲလို...နိုး...နေကောင်းလားဟင် ကို လွမ်းပြီးစိုးရိမ်နေတာ” “အင်း ... ကောင်းတယ် ကို ရောနေကောင်းလားဟင်” “ကောင်းတယ်... နိုး” “ဘာတွေလုပ်နေလဲဟင်” “ကို့ ဖုန်းကိုစောင့်နေတာလေ” “ဟုတ်လား... ဟဲလို...ဟဲလို ကြားရလား နိုး” “သိပ်မကြားရဘူး...အင်း ခုကြားရပြီ... ပြောလေ ကို” “နိုး ကိုသိပ်ချစ်တယ်...ကြားလား” “မကြားရတော့ဘူး တကယ်ပြောတာ .. ဟင်း...ဟင်း” “အာ .. နိုး ကနောက်နေတယ်... ကို ကတကယ်လို့ထင်နေတာ” “စတာပါ ကို ရဲ့ ချစ်လို့ သိလား” “အင်း သိတာပေါ့... နိုး  ကျန်းမာရေးကို ဂရုစိုက်ပြီးနေနော်” “ဟုတ်ကဲ့... ကို လည်း ဂရုစိုက်နော်.. ကို့ ကိုသိပ်ချစ်တယ်” ....

သူ မျက်လုံးတခုလုံး ရုတ်တရတ် ပူနွေးလာတယ်။ မငိုဘူး လုံးဝမငိုဘူးလို့ ဆုံးဖြတ်လိုက်ပေမယ့်  ပါးပြင်တခုလုံးပေါ်မှာ ပူနွေးနေတဲ့ မျက်ရည်တွေက ရွှဲစိုလို့နေပြီပဲလေ။ မငိုချင်ပါဘူး... တကယ်ဆို ငိုတာ နိုး လုံးဝမကြိုက်ဘူးလေ။ အားတင်းလိုက်တဲ့ ရှိုက်သံတခုက တိတ်ဆိတ်နေတဲ့ ည၀န်းကျင်မှာ ထွက်ပေါ်လို့လာတယ်။ သူ...ဖုန်းထဲက အသံသွင်းထားတဲ့ ဖိုင်လေးကို ပိတ်လိုက်တယ်။ ဒါသူ့အကျင့်လေ နိုး နဲ့ ဖုန်းပြောဖြစ်တိုင်း အသံသွင်းထားတတ်သလို online မှာလိုင်းကောင်းလို့ စကားပြောဖြစ်တိုင်း အသံဖမ်းထားတတ်တယ်။ ဒါတွေက အရင်ကတော့ ပြန်နားထောင်တိုင်း ကြည်နူးစရာလေးတွေပေါ့လေ။ ခုတော့... သူ့အတွက် မျက်ရည်မြစ်ဖျားခံရာ အရင်းအမြစ်တခု ဖြစ်လို့နေတယ်ဆိုတာ သူသိနေရက်နဲ့ သူကျေနပ်နေမိပါလား။ ဟင်းးးး... သက်ပြင်းရှည်တခုကို ဖြည်းဖြည်းချင်း မှုတ်ထုတ်မိလိုက်တယ်။ သူ ဒီညကို ဘယ်လိုလုပ်ရရင် အိပ်ပျော်မလဲလို့ စဉ်းစားလိုက်တယ်။ ဘာရယ်မဟုတ်ပဲနဲ့ လက်တဖက်က ခေါင်းအုန်းအောက်ထဲ ရောက်သွားတယ်။ စာအိတ်လေးတအိတ်ကို စမ်းမိလိုက်တော့ လက်တွေတခုလုံး ကျင်ပြီး ထုံတက်သွားတယ်။ သူ အတင်း မေ့ထားခဲ့သည့် အရာ... ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်မိတယ်လေ။ သူအရမ်းမြတ်နိုးတဲ့ နိုး ရဲ့ဓာတ်ပုံလေးတွေ။ အယ်လ်ဘမ်နဲ့ထားရင် ခေါင်းအုံးအောက်မှာ ထားလို့မရမှာစိုးလို့ စာအိတ်လေးနဲ့ပဲ ထည့်ထားခဲ့မိတာ။ သိပ်တော့မရှိပါဘူး.. (၈)ပုံ မှအတိအကျပါပဲ။ နိုးက ဓာတ်ပုံသိပ်မရိုက်ဘူးလေ.. ဒါတောင် အတင်းရိုက်ခိုင်းလို့ ရိုက်ပြီးပို့ပေးထားတာ။ ညအိပ်ယာဝင်တိုင်း တပုံချင်း ထုတ်ကြည့်ပြီး စကားတွေပြောပြီးမှ အိပ်တတ်တဲ့ အကျင့်.. အတင်းဖျက်ထားခဲ့မိတာ။ ဘယ်လောက်ထိ တင်းခံနိုင်မှာလဲ နိုး ရယ်။ စချစ်ကတည်းက အချစ်စစ်တွေနဲ့ ပုံပြီးချစ်ခဲ့ရတာလေ။ အရင်လိုပဲ လွမ်းနေပါရစေ နိုး ရယ်... အရင်လိုပဲ တမ်းတနေပါရစေ... ဓာတ်ပုံထဲက ချစ်စရာ ကောင်းလောက်အောင် ပြုံးပြနေတဲ့ နိုး ပါးလေးကို သူတယုတယ ကိုင်လိုက်တယ်။ “တောက်... ကျပြန်ပြီ ဒီမျက်ရည်...” သူ့ကိုယ့်သူ အလိုမကျမှုတွေနဲ့ ရေရွတ်ရင်း အမြန်သိမ်းပြီး ခေါင်းအုန်းအောက်ထဲ ပြန်ထည့်လိုက်တယ်။ မှားပြီ သူသိလိုက်တယ် ... စမ်းမိလိုက်တဲ့ နောက်ထပ်အရာတခုက MP3 လေး သူအသံသွင်းသမျှဖိုင်တွေကို ထည့်ထားတာ။ အားမသွင်းဖြစ်ခဲ့တာ ကြာခဲ့ပြီလေ။ အားရှိဦးမလားလို့ ဖွင့်ကြည့်လိုက်တယ်။ Low Battery တဲ့ ... အင်း ဒါသူ့အတွက် ပိုကောင်းသွားခဲ့တာပေါ့။


တော်ပါပြီ အိပ်ပျော်အောင်ပဲ အိပ်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး အိပ်ယာပေါ်ကို လှဲချလိုက်ပြီး မျက်လုံးကို မှိတ်လိုက်တယ်။ သြော်.. ညကလည်း တိတ်ဆိတ် လွန်းလှချည်လား။ အမှောင်ထဲမှာ နိုး ပုံရိပ်က ထပ်ပေါ်လာပြန်တယ်။ သူုစိတ်တိုသွားတယ်.. မတတ်နိုင်ဘူး ဒီည လုံးဝအိပ်လို့ ရမှာလည်း မဟုတ်တော့ပါဘူး။ သူဖြည်းဖြည်းချင်းထပြီး အိပ်ယာဘေးက ကွန်ပြူတာကို ဖွင့်လိုက်တယ်။ ညဉ့်ငှက်တကောင်က သူ့ကိုလှောင်ပြီး တချက်အော်လိုက်သေးတယ်။ “ငှက်စုတ်ငှက်နာ ကိုယ့်ဖာသာ လွတ်ရာကျွတ်ရာ သွားနေစမ်းပါကွာ” အသံထွက်ပြီး သူပြန်အော်လိုက်တယ်။ ကွန်ပြူတာကို ပြန်ကြည့်ပြီး Gmail ကို အရင် ဖွင့်လိုက်ပြီး Sent Mail ထဲမှာ နောက်ဆုံးပို့ထားတဲ့ မေးက “နိုး အတွက် (၂၀၉)တဲ့” ... မေးပို့တိုင်း အမှတ်စဉ်၊ နေ့ရက်၊ အချိန်တွေကို အတိအကျထည့်ပြီး ပို့တက်တဲ့ သူ့အကျင့် (နိုး တယောက်တည်းကို အဲလိုပို့ခဲ့တာပါ) ခုထိဖျောက်ဖျက်လို့မရနိုင်ဘူး။ ဒါတောင် အဖြေမရခင်က ပို့ခဲ့တဲ့ မေးတွေမပါသေး။ သြော် .. နိုး ရယ် ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် အချိန်မရှိလည်း မေးတွေကို တော့ နိုး ဆီကို တတ်နိုင်သလောက် ရောက်အောင်ပို့ခဲ့တယ်နော်။ မေးပို့တိုင်း ကဗျာတွေပါ ထည့်ပို့တတ်တယ်၊ ကို ကဗျာတွေ မရေးဖြစ်တာတောင် ကြာနေပြီလေ။ ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း ကော်ဖီသောက်ရရင် ကောင်းမလား သူ တွေးလိုက်တယ်။ အတွေးမဆုံးနိုင်သေး သူထရပ်လိုက်တယ်... အခန်းအပြင်ကို ထွက်ပြီး ကော်ဖီပူပူလေးကို နှပ်ပြီး ယူလာလိုက်တယ်။ သူနဲ့ နိုး က အကျင့်တူတယ်လေ။ ကော်ဖီခါးခါးကိုမှ သောက်တတ်တာလေ။ ကော်ဖီမှုန့် စစ်စစ်ကို နှပ်ပြီး သောက်ရတာ အရမ်းကြိုက်တယ်။ ခုဒီမှာတော့ ကော်ဖီမှုန့် Ready Made ကိုပဲ နှပ်ပြီးသောက်ရတာပေါ့။ ဒီအချိန် နိုး ကော ကော်ဖီဖျော်သောက်နေမလား၊ တချက်ပြုံးလိုက်မိတယ် သူမဖြစ်နိုင်တာကို တွေးနေတာပဲ။ ဟုတ်တယ် မဖြစ်နိုင်တော့ပါဘူး။ ဖျက်ခနဲ လက်လိုက်တဲ့ လျှပ်စီးတချက် တခန်းလုံးလင်းသွားတယ်။ အခုမှ သတိထားလိုက်မိတာက ပတ်ဝန်းကျင်အပြင်ဘက်ကို။ မိုးသားတွေက ဗျူဟာတွေ ခင်းနေကြပြီ။ သူတို့ ထိုးစစ်စင်တော့မယ်လား။ ပြတင်းတံခါးကို ဆွဲဖွင့်လိုက်မိတယ်။ လေခပ်ရိုင်းရိုင်းတချက်က ၀ုန်းခနဲနေအောင် ရင်ဘတ်ကို ဆောင့်တိုးသွားတယ်။ ကိစ္စမရှိ .. ဒီလေလောက်တော့ ရင်ထဲက ခံစားနေရတွေက အေးဆေးပေါ့။  ကွန်ပြူရှေ့ကို ပြန်ထိုင်လိုက်ပြီး ဘာလုပ်ရမလဲ ကြည့်လိုက်တယ်။ ရီချင်သလိုဖြစ်သွားတယ်။ Gmail ရဲ့ Label မှာ ချက်ခဲ့သမျှကို NOE ဆိုပြီး Label လေးလုပ်ထားခဲ့တာကိုး။ နေရာတိုင်းမှာ အမှတ်ရစရာ ခြေရာလေးတွေ ထင်ကျန်ဖြစ်အောင် သူဘာလို့များလုပ်ခဲ့မိတာလဲ။ မထူးတော့ပါဘူး... ပြန်ဖတ်လိုက်တယ် အဟောင်းဆုံးသော အစကနေ။ ဖတ်နေရင်းနဲ့ ရင်ထဲမှာ ကြည်နူးလာတယ်၊ ပျော်ရွှင်လာတယ် .. နိုး သူ့ကို တော်တော်ချစ်ခဲ့တာပဲ။ မျက်လုံးထဲမှာလည်း အတိတ်ကို  ဖြည်းဖြည်းချင်း ပြန်ပုံဖော်နေမိတယ်။ အချိန်တွေ ကုန်မှန်းမသိ ကုန်လာတာ သူ သတိမထားမိတော့ဘူး၊ မျက်လုံးတွေတနေရာမှာ ရပ်သွားတယ်။ ပျော်ရွှင်မှုတွေက ၀ုန်းကနဲဆို ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။ အဲဒီနေ့...အဲဒီနေ့ ... နိုး ကရှေ့မဆက်နိုင်ဘူးလို့ ပြောခဲ့တဲ့နေ့ ... သူအမျိုးမျိုး တောင်းပန်ခဲ့တဲ့နေ့။ ရင်ထဲက ၀မ်းနည်းမှု အကြွင်းအကျန်တွေက ပြန်ဖောက်လာတယ်။ ရင်ဘတ်ထဲက ဆောင့်တက်လာတဲ့ ခံစားမှု။ သူ့ရင်ဘတ်ကို လက်နဲ့ သက်သာရာ သက်သာကြောင်း တဘုံးဘုံးပြန်ရိုက်လိုက်တယ်။ ပြတင်းပေါက်မှာ သူ့ကို ခိုးပြီးစောင့်ကြည့်နေတဲ့ ညဉ့်ငှက် က ကြောက်လန့်ပြီး ထပျံသွားတယ်။ သူချည့်နဲ့စွာနဲ့ အားတင်းပြီး ထရပ်လိုက်တယ်။ ပြတင်းပေါက်မှာ ရပ်ပြီး ကောင်းကင်ကို ကြည့်လိုက်မိတော့ မိုးသားတိမ်တွေက စစ်ချီလာပြီ။ လျှပ်စီးလက်သံတွေ၊ မိုးထစ်ချုံးသံတွေက အဆက်မပြတ် လေပြင်းတွေကို အကြိုလွှတ်ပြီး ငါတို့လာပြီဆိုတာကို အသိပေးခိုင်းလိုက်တယ်။ မိုးသားတွေ စစ်ချီလာတာ မစောင့်နိုင်တော့ဘူး။ သူ မျက်ရည်မိုးတွေကို အရင်သွန်းဖြိုးလိုက်တယ်။ ငိုမယ်..ငိုလိုက်စမ်းပါကွာ။ ဘယ်သူမှမရှိဘူး... ဘယ်သူမှလည်းမသိဘူး။ ရတယ် ငိုမယ်။ “နိုး ရယ် ကို့ဆီကို ပြန်လာခဲ့ပါကွာ” သူမိုးချိန်းသံနဲ့ အတူ အားကုန်ဟစ်အော်လိုက်တယ်။ မိုးကလည်း သူ့အော်သံအဆုံးမှာ တ၀ုန်းဝုန်းနဲ့ ရွာချပစ်လိုက်တယ်။ သြော်.. မိုးကို အရမ်းကြိုက်တဲ့ နိုး ... မိုးရွာထဲမှာ တစ်ယောက်လက်ကို တစ်ယောက်ဆွဲရင်း လမ်းလျှောက် ထွက်ချင်ပါတယ်ဆိုတဲ့  နိုး ၊ မိုးတွေအရမ်းသည်းလာတာ ချစ်သူတွေအရမ်းချစ်ကြလို့ လို့ပြောခဲ့တဲ့ နိုး ။ အခုကော နိုးရယ်။ သူ့မျက်နှာတွေ စိုရွှဲနေပြီ။ မျက်ရည်တွေကော မိုးရေတွေကော။ သူမိုးစက်မိုးပေါက်တွေကို တွန်းလှန်ရင်းနဲ့ ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။ ရင်ထဲက ကဗျာတပုဒ်က ထွက်ကျလာတယ်။ သူတိုးတိုးလေး ရွတ်ဆိုလိုက်တယ်..............

မမြင်ဖူးလို့
မူးကို မြစ်ထင်ခဲ့တဲ့ ဖြစ်စဉ်
မချစ်ဖူးလို့
အချစ်ထူးခဲ့တဲ့ ရာသီတွေနဲ့
မကြင်ဖူးလို့ 
အရူးလို ဖြစ်စဉ်နဲ့ တာရှည်
ရင်စူးစေ
နိုးကို ချစ်နေဦးပါမည်  ။

PS.. နာကျင်ခြင်းနဲ့ လူတစ်ယောက် ကောင်းကင်တမိုးအောက် အလွမ်းတွေကောက်ရင်း လမ်းတွေပျောက် ...း(

8 comments:

  1. ချစ်တတ်တဲ့ ကောင်လေးဆီ မျက်ရည်တွေ သုတ်ပေမဲ့ နိုး အမြန်ပြန်ရောက်လာပါစေလို့....

    ReplyDelete
  2. :)... နာကျင်ခဲ့ပြီလေ.. မေ့ပျောက်နိုင်အောင်ပဲ ကြိးစားပါအစ်ကို.. ကျွန်တော်ကတော့ သူနဲ့ ပတ်သက်ခဲ့တဲ့ မေးလ်တွေ.. ဓါတ်ပုံတွေ.. အဆက်အသွယ်တွေ အားလုံးကို ကျွန်တော့်ဘ၀ထဲကနေ လွှင့်ပစ်လိုက်ပြီ... သူ့ကို ချစ်နေဆဲ အချစ်တွေက လွှဲရင်ပေါ့...... အချိန်ဟာ အကောင်းဆုံးသော ကုသစရာဆေးဝါးတစ်လက်ပါ.... ရင်ထဲက ဒဏ်ရာတွေ ပျောက်ကင်းပါစေလို့မဆုတောင်းပေးချင်ပါဘူး.. ကိုယ်ကိုယ်တိုင်ကလည်း မပျောက်သေးဘူးလေ... ဒါပေမယ့် အစ်ကို့ကို တဖြေးဖြေးချင်း မေ့သွားစေချင်တယ်... (တကယ့်အဖြစ်အပျက်လား.. ဇာတ်လမ်းလား မသိပေမယ့်.. ဒါကို ဖတ်ပြီးတော့ ဒီလိုပဲ ပြောချင်နေမိတယ်ဗျာ.... )

    ReplyDelete
  3. နိုးက နိုးလို့ မပြောပါစေနဲ့ဗျာ။ အဆင်ပြေမှာပါး)

    ReplyDelete
  4. သိပ်ချစ်တတ်တဲ့ သူတွေကိုမှ အချစ်က ဘာဖြစ်လို့ ကြည်စားတတ်တာလဲဗျာ

    ReplyDelete
  5. ခံစားမှု အဆုံးသတ်ကတော့ ကြေကွဲစရာပေါ့အစ်ကိုရာ
    နောက်ဆုံး ကဗျာလေးတော့ နိုး ဆိုတဲ့ ကောင်မလေး
    ဖတ်မိနိုင်ပါစေဗျာ . . . တစ်လက်စတည်း ခံစားနေရတာ
    အစ်ကိုမဟုတ်ပါစေနဲ့ လို့ တော့ ဆုတောင်းပေးပါတယ်ဗျာ
    :) Happy sweet december ပါအစ်ကိုရေ

    ReplyDelete
  6. ချမ်းလင်းနေDecember 1, 2009 at 4:00 PM

    နောက်ခံ မြူးဇစ်က စာသားလေးတွေကို အသက်သွင်းလိုက်တယ်ဗျာ။ အချစ်နဲ့ပတ်သတ်ခဲ့တဲ့ အကြောင်းအရာတွေ ပြန်နွေးမိတိုင်း ရင်ထဲ ကြည်နူးမှုလေးတွေ ရတတ်တာပေါ့ဗျာ။နာတာရှည်ရောဂါသည်တော့ မဖြစ်စေနဲ့ညီရေ။ အချစ်ရဲ့ လှည့်စားမှုသရုပ်က တခါတလေမှ ရင်ကိုလာမှန်တာပဲ ကောင်းပါတယ်။

    ReplyDelete
  7. မေ့ပစ်ချင်ပေမယ့် မေ့ဖို့မလွယ်တာတွေ အများကြီးပါပဲ

    ReplyDelete
  8. တကယ်စိတ်မကောင်းပါဘူး ကြိုးစားပြီး မေ့ပစ်နိုင်ပါစေလို့ ဆုတောင်းပါတယ် ကိုယ့် အချစ်နဲ့ မထိုက်တန်လို့ လမ်းခွဲသွားတယ်လို့ပဲ သဘောထားလိုက်ပေါ့နော်

    ReplyDelete