Wednesday, November 25, 2009

လမ်းဟောင်းလေး



နှင်းမြူဖြူဖြူ ချမ်းမြမြမှာ
အလင်းအထူတွေ ပိုက်ထွေး
နှစ်ယောက်အတူ ရေးခဲ့ကြတဲ့
လမ်းဟောင်းကလေး နံဘေး
ပန်းတောလေးကလည်း
ရနံ့မပျယ်သေးပါလား ...။

သစ္စာပန်းအပြုံးတွေမှာ
ကတိနှောင်ကြိုးတွေ ရစ်ထွေး
နှစ်ယောက်အတူ သီကြွေးခဲ့ကြတဲ့
လမ်းဟောင်းလေး နံဘေး
ခုံတန်းလေးလည်း
နဂိုအတိုင်း မပြောင်းလဲသေးပါလား ... ။

ပျော်ရွှင်မှုအတိတ်တွေမှာ
သံသာလေးတွေနဲ့ နှောင်ထွေး
နှစ်ယောက်အတူ တွေးခဲ့ကြတဲ့
လမ်းဟောင်းလေး ပေါ်ပြေး
ခြေလှမ်းကလေးတွေလည်း
အရိပ်လို ထင်နေဆဲပါလား ... ။

နှုတ်ဆက်ရမယ့် ညနေတွေမှာ
စိတ်မချခြင်းတွေနဲ့ ရှိုက်ထွေး
နှစ်ယောက်အတူ အနမ်းပေးခဲ့ကြတဲ့
လမ်းဟောင်းလေး နံဘေး
သစ်ရိပ်လေးတွေကလည်း
ရှက်တက်နေတုန်းပါပဲလား ... ။

သက္ကရာဇ်တွေနှောင်း
သက်ရှိတွေ အရောင်ပြောင်းလည်း
မပြောင်းလဲတဲ့ လမ်းဟောင်းလေးရေ ...

နှင်းတွေကြွေပြီး ပန်းတွေဝေ
မြေသင်းရနံ့တွေ ထုံသင်း
ကျေးငှက်တွေ ခုန်ခုန်ဆင်းကြတဲ့
လမ်းဟောင်းလေးရဲ့ ၀န်းကျင်မှာပဲ
မှုန်ဝေနေတဲ့ မျက်လုံးတစုံ
တုန်ရီနေတဲ့ လက်အစုံနဲ့
အငိုရှိုက်သံတွေ အဆုံးမှာ
ကဗျာ တစ်ပုဒ်ကို
ဒဏ်ရာတွေ ချုပ်ဖို့
အစာသွတ်ခွင့်ပြုပါတော့လေ ...။

5 comments:

  1. အချိန်တစ်ခုကြာခဲ့ရင်တော့လည်း ဒဏ်ရာတွေကို ချုပ်ဖို့ သင့်လာပြီပေါ့နော်.... ကျွန်တော်တော့ ဘယ်လို ချုပ်ရမလဲ မသိဘူး.....

    ReplyDelete
  2. လမ်းဟောင်းလေး မပြောင်းလဲသလို အချစ်တွေ မပြောင်းလဲ ပဲ အဆင်ပြေပါစေလို့၊ ဒဏ်ရာတွေလဲ ပျောက်ပါစေ...

    ReplyDelete
  3. ကဗျာကောင်းလေး လာဖတ်သွားပါတယ်...

    ReplyDelete
  4. ချမ်းလင်းနေNovember 26, 2009 at 3:39 AM

    လမ်းဟောင်းလေးက ပြောတယ်။ လမ်းလာမလျောက်တာ အတော်ကြာပြီတဲ့။ကျန်းမာပါစ။ ပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  5. ဟင်းးးးးကဗျာလေးဖတ်ပြီး စိတ်ကောင်းဘူး။

    ReplyDelete