Sunday, November 29, 2009

ည (သို့) မိုး (သို့) မျက်ရည် (သို့) လွမ်းဆွတ်ခြင်းနဲ့ အတူ


“ဟဲလို...နိုး...နေကောင်းလားဟင် ကို လွမ်းပြီးစိုးရိမ်နေတာ” “အင်း ... ကောင်းတယ် ကို ရောနေကောင်းလားဟင်” “ကောင်းတယ်... နိုး” “ဘာတွေလုပ်နေလဲဟင်” “ကို့ ဖုန်းကိုစောင့်နေတာလေ” “ဟုတ်လား... ဟဲလို...ဟဲလို ကြားရလား နိုး” “သိပ်မကြားရဘူး...အင်း ခုကြားရပြီ... ပြောလေ ကို” “နိုး ကိုသိပ်ချစ်တယ်...ကြားလား” “မကြားရတော့ဘူး တကယ်ပြောတာ .. ဟင်း...ဟင်း” “အာ .. နိုး ကနောက်နေတယ်... ကို ကတကယ်လို့ထင်နေတာ” “စတာပါ ကို ရဲ့ ချစ်လို့ သိလား” “အင်း သိတာပေါ့... နိုး  ကျန်းမာရေးကို ဂရုစိုက်ပြီးနေနော်” “ဟုတ်ကဲ့... ကို လည်း ဂရုစိုက်နော်.. ကို့ ကိုသိပ်ချစ်တယ်” ....

သူ မျက်လုံးတခုလုံး ရုတ်တရတ် ပူနွေးလာတယ်။ မငိုဘူး လုံးဝမငိုဘူးလို့ ဆုံးဖြတ်လိုက်ပေမယ့်  ပါးပြင်တခုလုံးပေါ်မှာ ပူနွေးနေတဲ့ မျက်ရည်တွေက ရွှဲစိုလို့နေပြီပဲလေ။ မငိုချင်ပါဘူး... တကယ်ဆို ငိုတာ နိုး လုံးဝမကြိုက်ဘူးလေ။ အားတင်းလိုက်တဲ့ ရှိုက်သံတခုက တိတ်ဆိတ်နေတဲ့ ည၀န်းကျင်မှာ ထွက်ပေါ်လို့လာတယ်။ သူ...ဖုန်းထဲက အသံသွင်းထားတဲ့ ဖိုင်လေးကို ပိတ်လိုက်တယ်။ ဒါသူ့အကျင့်လေ နိုး နဲ့ ဖုန်းပြောဖြစ်တိုင်း အသံသွင်းထားတတ်သလို online မှာလိုင်းကောင်းလို့ စကားပြောဖြစ်တိုင်း အသံဖမ်းထားတတ်တယ်။ ဒါတွေက အရင်ကတော့ ပြန်နားထောင်တိုင်း ကြည်နူးစရာလေးတွေပေါ့လေ။ ခုတော့... သူ့အတွက် မျက်ရည်မြစ်ဖျားခံရာ အရင်းအမြစ်တခု ဖြစ်လို့နေတယ်ဆိုတာ သူသိနေရက်နဲ့ သူကျေနပ်နေမိပါလား။ ဟင်းးးး... သက်ပြင်းရှည်တခုကို ဖြည်းဖြည်းချင်း မှုတ်ထုတ်မိလိုက်တယ်။ သူ ဒီညကို ဘယ်လိုလုပ်ရရင် အိပ်ပျော်မလဲလို့ စဉ်းစားလိုက်တယ်။ ဘာရယ်မဟုတ်ပဲနဲ့ လက်တဖက်က ခေါင်းအုန်းအောက်ထဲ ရောက်သွားတယ်။ စာအိတ်လေးတအိတ်ကို စမ်းမိလိုက်တော့ လက်တွေတခုလုံး ကျင်ပြီး ထုံတက်သွားတယ်။ သူ အတင်း မေ့ထားခဲ့သည့် အရာ... ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်မိတယ်လေ။ သူအရမ်းမြတ်နိုးတဲ့ နိုး ရဲ့ဓာတ်ပုံလေးတွေ။ အယ်လ်ဘမ်နဲ့ထားရင် ခေါင်းအုံးအောက်မှာ ထားလို့မရမှာစိုးလို့ စာအိတ်လေးနဲ့ပဲ ထည့်ထားခဲ့မိတာ။ သိပ်တော့မရှိပါဘူး.. (၈)ပုံ မှအတိအကျပါပဲ။ နိုးက ဓာတ်ပုံသိပ်မရိုက်ဘူးလေ.. ဒါတောင် အတင်းရိုက်ခိုင်းလို့ ရိုက်ပြီးပို့ပေးထားတာ။ ညအိပ်ယာဝင်တိုင်း တပုံချင်း ထုတ်ကြည့်ပြီး စကားတွေပြောပြီးမှ အိပ်တတ်တဲ့ အကျင့်.. အတင်းဖျက်ထားခဲ့မိတာ။ ဘယ်လောက်ထိ တင်းခံနိုင်မှာလဲ နိုး ရယ်။ စချစ်ကတည်းက အချစ်စစ်တွေနဲ့ ပုံပြီးချစ်ခဲ့ရတာလေ။ အရင်လိုပဲ လွမ်းနေပါရစေ နိုး ရယ်... အရင်လိုပဲ တမ်းတနေပါရစေ... ဓာတ်ပုံထဲက ချစ်စရာ ကောင်းလောက်အောင် ပြုံးပြနေတဲ့ နိုး ပါးလေးကို သူတယုတယ ကိုင်လိုက်တယ်။ “တောက်... ကျပြန်ပြီ ဒီမျက်ရည်...” သူ့ကိုယ့်သူ အလိုမကျမှုတွေနဲ့ ရေရွတ်ရင်း အမြန်သိမ်းပြီး ခေါင်းအုန်းအောက်ထဲ ပြန်ထည့်လိုက်တယ်။ မှားပြီ သူသိလိုက်တယ် ... စမ်းမိလိုက်တဲ့ နောက်ထပ်အရာတခုက MP3 လေး သူအသံသွင်းသမျှဖိုင်တွေကို ထည့်ထားတာ။ အားမသွင်းဖြစ်ခဲ့တာ ကြာခဲ့ပြီလေ။ အားရှိဦးမလားလို့ ဖွင့်ကြည့်လိုက်တယ်။ Low Battery တဲ့ ... အင်း ဒါသူ့အတွက် ပိုကောင်းသွားခဲ့တာပေါ့။


တော်ပါပြီ အိပ်ပျော်အောင်ပဲ အိပ်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး အိပ်ယာပေါ်ကို လှဲချလိုက်ပြီး မျက်လုံးကို မှိတ်လိုက်တယ်။ သြော်.. ညကလည်း တိတ်ဆိတ် လွန်းလှချည်လား။ အမှောင်ထဲမှာ နိုး ပုံရိပ်က ထပ်ပေါ်လာပြန်တယ်။ သူုစိတ်တိုသွားတယ်.. မတတ်နိုင်ဘူး ဒီည လုံးဝအိပ်လို့ ရမှာလည်း မဟုတ်တော့ပါဘူး။ သူဖြည်းဖြည်းချင်းထပြီး အိပ်ယာဘေးက ကွန်ပြူတာကို ဖွင့်လိုက်တယ်။ ညဉ့်ငှက်တကောင်က သူ့ကိုလှောင်ပြီး တချက်အော်လိုက်သေးတယ်။ “ငှက်စုတ်ငှက်နာ ကိုယ့်ဖာသာ လွတ်ရာကျွတ်ရာ သွားနေစမ်းပါကွာ” အသံထွက်ပြီး သူပြန်အော်လိုက်တယ်။ ကွန်ပြူတာကို ပြန်ကြည့်ပြီး Gmail ကို အရင် ဖွင့်လိုက်ပြီး Sent Mail ထဲမှာ နောက်ဆုံးပို့ထားတဲ့ မေးက “နိုး အတွက် (၂၀၉)တဲ့” ... မေးပို့တိုင်း အမှတ်စဉ်၊ နေ့ရက်၊ အချိန်တွေကို အတိအကျထည့်ပြီး ပို့တက်တဲ့ သူ့အကျင့် (နိုး တယောက်တည်းကို အဲလိုပို့ခဲ့တာပါ) ခုထိဖျောက်ဖျက်လို့မရနိုင်ဘူး။ ဒါတောင် အဖြေမရခင်က ပို့ခဲ့တဲ့ မေးတွေမပါသေး။ သြော် .. နိုး ရယ် ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် အချိန်မရှိလည်း မေးတွေကို တော့ နိုး ဆီကို တတ်နိုင်သလောက် ရောက်အောင်ပို့ခဲ့တယ်နော်။ မေးပို့တိုင်း ကဗျာတွေပါ ထည့်ပို့တတ်တယ်၊ ကို ကဗျာတွေ မရေးဖြစ်တာတောင် ကြာနေပြီလေ။ ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း ကော်ဖီသောက်ရရင် ကောင်းမလား သူ တွေးလိုက်တယ်။ အတွေးမဆုံးနိုင်သေး သူထရပ်လိုက်တယ်... အခန်းအပြင်ကို ထွက်ပြီး ကော်ဖီပူပူလေးကို နှပ်ပြီး ယူလာလိုက်တယ်။ သူနဲ့ နိုး က အကျင့်တူတယ်လေ။ ကော်ဖီခါးခါးကိုမှ သောက်တတ်တာလေ။ ကော်ဖီမှုန့် စစ်စစ်ကို နှပ်ပြီး သောက်ရတာ အရမ်းကြိုက်တယ်။ ခုဒီမှာတော့ ကော်ဖီမှုန့် Ready Made ကိုပဲ နှပ်ပြီးသောက်ရတာပေါ့။ ဒီအချိန် နိုး ကော ကော်ဖီဖျော်သောက်နေမလား၊ တချက်ပြုံးလိုက်မိတယ် သူမဖြစ်နိုင်တာကို တွေးနေတာပဲ။ ဟုတ်တယ် မဖြစ်နိုင်တော့ပါဘူး။ ဖျက်ခနဲ လက်လိုက်တဲ့ လျှပ်စီးတချက် တခန်းလုံးလင်းသွားတယ်။ အခုမှ သတိထားလိုက်မိတာက ပတ်ဝန်းကျင်အပြင်ဘက်ကို။ မိုးသားတွေက ဗျူဟာတွေ ခင်းနေကြပြီ။ သူတို့ ထိုးစစ်စင်တော့မယ်လား။ ပြတင်းတံခါးကို ဆွဲဖွင့်လိုက်မိတယ်။ လေခပ်ရိုင်းရိုင်းတချက်က ၀ုန်းခနဲနေအောင် ရင်ဘတ်ကို ဆောင့်တိုးသွားတယ်။ ကိစ္စမရှိ .. ဒီလေလောက်တော့ ရင်ထဲက ခံစားနေရတွေက အေးဆေးပေါ့။  ကွန်ပြူရှေ့ကို ပြန်ထိုင်လိုက်ပြီး ဘာလုပ်ရမလဲ ကြည့်လိုက်တယ်။ ရီချင်သလိုဖြစ်သွားတယ်။ Gmail ရဲ့ Label မှာ ချက်ခဲ့သမျှကို NOE ဆိုပြီး Label လေးလုပ်ထားခဲ့တာကိုး။ နေရာတိုင်းမှာ အမှတ်ရစရာ ခြေရာလေးတွေ ထင်ကျန်ဖြစ်အောင် သူဘာလို့များလုပ်ခဲ့မိတာလဲ။ မထူးတော့ပါဘူး... ပြန်ဖတ်လိုက်တယ် အဟောင်းဆုံးသော အစကနေ။ ဖတ်နေရင်းနဲ့ ရင်ထဲမှာ ကြည်နူးလာတယ်၊ ပျော်ရွှင်လာတယ် .. နိုး သူ့ကို တော်တော်ချစ်ခဲ့တာပဲ။ မျက်လုံးထဲမှာလည်း အတိတ်ကို  ဖြည်းဖြည်းချင်း ပြန်ပုံဖော်နေမိတယ်။ အချိန်တွေ ကုန်မှန်းမသိ ကုန်လာတာ သူ သတိမထားမိတော့ဘူး၊ မျက်လုံးတွေတနေရာမှာ ရပ်သွားတယ်။ ပျော်ရွှင်မှုတွေက ၀ုန်းကနဲဆို ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။ အဲဒီနေ့...အဲဒီနေ့ ... နိုး ကရှေ့မဆက်နိုင်ဘူးလို့ ပြောခဲ့တဲ့နေ့ ... သူအမျိုးမျိုး တောင်းပန်ခဲ့တဲ့နေ့။ ရင်ထဲက ၀မ်းနည်းမှု အကြွင်းအကျန်တွေက ပြန်ဖောက်လာတယ်။ ရင်ဘတ်ထဲက ဆောင့်တက်လာတဲ့ ခံစားမှု။ သူ့ရင်ဘတ်ကို လက်နဲ့ သက်သာရာ သက်သာကြောင်း တဘုံးဘုံးပြန်ရိုက်လိုက်တယ်။ ပြတင်းပေါက်မှာ သူ့ကို ခိုးပြီးစောင့်ကြည့်နေတဲ့ ညဉ့်ငှက် က ကြောက်လန့်ပြီး ထပျံသွားတယ်။ သူချည့်နဲ့စွာနဲ့ အားတင်းပြီး ထရပ်လိုက်တယ်။ ပြတင်းပေါက်မှာ ရပ်ပြီး ကောင်းကင်ကို ကြည့်လိုက်မိတော့ မိုးသားတိမ်တွေက စစ်ချီလာပြီ။ လျှပ်စီးလက်သံတွေ၊ မိုးထစ်ချုံးသံတွေက အဆက်မပြတ် လေပြင်းတွေကို အကြိုလွှတ်ပြီး ငါတို့လာပြီဆိုတာကို အသိပေးခိုင်းလိုက်တယ်။ မိုးသားတွေ စစ်ချီလာတာ မစောင့်နိုင်တော့ဘူး။ သူ မျက်ရည်မိုးတွေကို အရင်သွန်းဖြိုးလိုက်တယ်။ ငိုမယ်..ငိုလိုက်စမ်းပါကွာ။ ဘယ်သူမှမရှိဘူး... ဘယ်သူမှလည်းမသိဘူး။ ရတယ် ငိုမယ်။ “နိုး ရယ် ကို့ဆီကို ပြန်လာခဲ့ပါကွာ” သူမိုးချိန်းသံနဲ့ အတူ အားကုန်ဟစ်အော်လိုက်တယ်။ မိုးကလည်း သူ့အော်သံအဆုံးမှာ တ၀ုန်းဝုန်းနဲ့ ရွာချပစ်လိုက်တယ်။ သြော်.. မိုးကို အရမ်းကြိုက်တဲ့ နိုး ... မိုးရွာထဲမှာ တစ်ယောက်လက်ကို တစ်ယောက်ဆွဲရင်း လမ်းလျှောက် ထွက်ချင်ပါတယ်ဆိုတဲ့  နိုး ၊ မိုးတွေအရမ်းသည်းလာတာ ချစ်သူတွေအရမ်းချစ်ကြလို့ လို့ပြောခဲ့တဲ့ နိုး ။ အခုကော နိုးရယ်။ သူ့မျက်နှာတွေ စိုရွှဲနေပြီ။ မျက်ရည်တွေကော မိုးရေတွေကော။ သူမိုးစက်မိုးပေါက်တွေကို တွန်းလှန်ရင်းနဲ့ ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။ ရင်ထဲက ကဗျာတပုဒ်က ထွက်ကျလာတယ်။ သူတိုးတိုးလေး ရွတ်ဆိုလိုက်တယ်..............

မမြင်ဖူးလို့
မူးကို မြစ်ထင်ခဲ့တဲ့ ဖြစ်စဉ်
မချစ်ဖူးလို့
အချစ်ထူးခဲ့တဲ့ ရာသီတွေနဲ့
မကြင်ဖူးလို့ 
အရူးလို ဖြစ်စဉ်နဲ့ တာရှည်
ရင်စူးစေ
နိုးကို ချစ်နေဦးပါမည်  ။

PS.. နာကျင်ခြင်းနဲ့ လူတစ်ယောက် ကောင်းကင်တမိုးအောက် အလွမ်းတွေကောက်ရင်း လမ်းတွေပျောက် ...း(

Thursday, November 26, 2009

“နံနက်ခင်း ရဲ့ ဆောင်းသင်းရနံ့”




ငါ ... နိုးထတဲ့ ဒီနံနက်ခင်းမှာ
ဝရန်တာနံဘေး ခြေစုံငေးရင်း
အကြည့်တွေကို ဆန့်ထုတ် လိုက်တဲ့အခါ
တိုက်ခတ်လာတဲ့ လေဖြူးဖြူးလေးက
ဆောင်းအငွေ့အသက်တွေ ခြုံလွှမ်းလို့
ငါ့ ... ရင်ကို ရနံ့လေးတွေနဲ့ ၀င်တိုက်သွားတယ် ...။


သင်းပျံ့တဲ့ ဆောင်းသင်းရနံ့ကို
နှလုံးသားဖွင့်လို့ ရှုရှိုက်မိတော့
ခံစားလိုက်ရတဲ့ စိတ်ကူးအဆုံးမှာ
နင့် ... ပုံရိပ်တွေက လေညှင်းလေးနဲ့ မခြား
ငါ့ ... ရင်ကို နွေးထွေးစေလိုက်တာ ...။


“နွေး” ရယ် ... လို့ ...
တိုးတိတ်စွာ ငြီးမိတော့
ရင်ထဲမှာ ကြည်နူးလိုက်ရတာ ...
တကယ်တော့ ...
ငါ ... အမြတ်နိုးဆုံး နှလုံးသားမှာ
ထင်ဟပ်နေတဲ့ ပုံရိပ်မို့လား
နွေးထွေးတဲ့ ဒီနံနက်က
ငါ့ ... အတွက်တော့
တန်ခိုးရှင် ဖန်ဆင်းတဲ့
ပြီးပြည့်စုံတဲ့ နိုး ထ ခြင်း ပေါ့ ...။


ပိုင်ဆိုင်ရယူလိုမှု မရှိ
တွေးနေရုံနဲ့ ကျေနပ်တတ်တဲ့ ... ငါ
မိုင်ထောင်ချီ ဝေးနေလည်း
အတွေးတွေ နီးနေတယ်ဆိုတာ
ဆောင်းရနံ့တွေ သင်းတဲ့
လေညှင်းလေးတွေ သိပါတယ် ...။


ဒီလိုနဲ့ ...
အမြဲတမ်း လင်းတဲ့ နံနက်ခင်း
အမြဲတမ်း သင်းတဲ့ ဆောင်းလေးညှင်းနဲ့ အတူ
ငါ့ ... ရဲ့ ... အပြင်ဘ၀ထဲက
ရင်ခွင်ထံပါးသို့ တံခါးခေါက်လို့
အပြီးရောက်လာခဲ့ပါလား ...
နှလုံးသား အပိုင်စားပေးဖို့ဆို
ဆောင်းလေသင်းနံ့ ရနံ့မရှိလည်း
“နွေး” ဆိုတဲ့ တိုးရှိုက်သံက
ငါ့ ... နံနက်ခင်းတိုင်းကို လင်းလက်စေမှာ ...။
             ~~~~~~ 
မနေ့ညကပေါ့ ကျွန်တော်သူငယ်ချင်းတစ်ယောက်က အက်စ်ဆေးလေးတခုကို သူ့ကောင်မလေးအတွက် ခံစားပြီးရေးထားတယ်တဲ့။ အဲဒါလေးကို “ကဗျာ” လေးတစ်ပုဒ်နဲ့ သီကုံးပေးပါလားဆိုလို့ သူ့အတွက် ရေးပေးပြီးတော့မှ ကြိုက်လွန်းလို့ ပြန်လည်ဝေမျှလိုက်ပါတယ်။

Wednesday, November 25, 2009

လမ်းဟောင်းလေး



နှင်းမြူဖြူဖြူ ချမ်းမြမြမှာ
အလင်းအထူတွေ ပိုက်ထွေး
နှစ်ယောက်အတူ ရေးခဲ့ကြတဲ့
လမ်းဟောင်းကလေး နံဘေး
ပန်းတောလေးကလည်း
ရနံ့မပျယ်သေးပါလား ...။

သစ္စာပန်းအပြုံးတွေမှာ
ကတိနှောင်ကြိုးတွေ ရစ်ထွေး
နှစ်ယောက်အတူ သီကြွေးခဲ့ကြတဲ့
လမ်းဟောင်းလေး နံဘေး
ခုံတန်းလေးလည်း
နဂိုအတိုင်း မပြောင်းလဲသေးပါလား ... ။

ပျော်ရွှင်မှုအတိတ်တွေမှာ
သံသာလေးတွေနဲ့ နှောင်ထွေး
နှစ်ယောက်အတူ တွေးခဲ့ကြတဲ့
လမ်းဟောင်းလေး ပေါ်ပြေး
ခြေလှမ်းကလေးတွေလည်း
အရိပ်လို ထင်နေဆဲပါလား ... ။

နှုတ်ဆက်ရမယ့် ညနေတွေမှာ
စိတ်မချခြင်းတွေနဲ့ ရှိုက်ထွေး
နှစ်ယောက်အတူ အနမ်းပေးခဲ့ကြတဲ့
လမ်းဟောင်းလေး နံဘေး
သစ်ရိပ်လေးတွေကလည်း
ရှက်တက်နေတုန်းပါပဲလား ... ။

သက္ကရာဇ်တွေနှောင်း
သက်ရှိတွေ အရောင်ပြောင်းလည်း
မပြောင်းလဲတဲ့ လမ်းဟောင်းလေးရေ ...

နှင်းတွေကြွေပြီး ပန်းတွေဝေ
မြေသင်းရနံ့တွေ ထုံသင်း
ကျေးငှက်တွေ ခုန်ခုန်ဆင်းကြတဲ့
လမ်းဟောင်းလေးရဲ့ ၀န်းကျင်မှာပဲ
မှုန်ဝေနေတဲ့ မျက်လုံးတစုံ
တုန်ရီနေတဲ့ လက်အစုံနဲ့
အငိုရှိုက်သံတွေ အဆုံးမှာ
ကဗျာ တစ်ပုဒ်ကို
ဒဏ်ရာတွေ ချုပ်ဖို့
အစာသွတ်ခွင့်ပြုပါတော့လေ ...။

Sunday, November 22, 2009

မျှော်လင့်ရင်းရူး



မျှော်လင့်ချက် ကမ်းနဖူးမှာ
အလွမ်း ရဲ့ခတ်သံကို
စောင့်ရင်းရူးနေရတဲ့...ငါ
လေပြေရိုင်းရဲ့ ပွတ်တိုက်သံက
မဆီမဆိုင်နဲ့ လူကိုယိုင်အောင်
လာလာ ခနဲ့တယ် ...။

လေပြေရယ် မနိုင်ချင်ပါနဲ့လား ...
မပြိုင်နိုင်တဲ့ ငါ့ နှလုံးသား
လုံးမပါးခင်တော့
ငါ... တူးဆွ တဲ့ အကြောင်း
အကောင်းချည်းသက်သက်မဟုတ်လည်း
ဒီလမ်း ဘယ်လောက်ဝေးပစေ
လျှောက်လှမ်းပါရစေနော် ...။

ငါ...ဟာ
အလွမ်း အော်သံအဆုံးမှာ
လမ်းတွေ မပျောက်ဆုံးချင်လို့ပါ ...။
နှလုံးသား ခေါ်သံအဆုံးမှာလည်း
အရှုံးများ ရင်မဆိုင်ချင်သေးလို့ပါ ...။

တွေးကြည့်လိုက်တဲ့ မသိစိတ်က ...

ဒီကမ်းရဲ့ လမ်းအဆုံးမှာ
ရှုငြီးဖွယ်ရနံ့နဲ့  ညက်ညောတဲ့
ပန်းခင်းတွေ ရှိရင်ရှိမယ် ...။

ရိုင်းစိုင်းမှု ရုပ်လုံးနဲ့ ညှို့မှိုင်းတဲ့
သစ်ရိုင်းတောတွေ ရှိချင်ရှိမယ် ...။

အတ္တတွေဖုံး စိတ်အမှောင်မှာ ရုန်းနေတဲ့
အချစ်ရဲ့ စေတမန် ရှိချင်ရှိမယ် ...။

နှလုံးသားဖြောင့်ချက်ကို သက်သေလုပ်နိုင်တဲ့
သဘာဝတရားသူကြီး ရှိချင်ရှိမယ် ...။

မျှော်လင့်ချက် အလင်းရောင် ခေါ်ဆောင်ပေးတဲ့
မီးအိမ်တလက် ရှိချင်ရှိမယ် ...။

ဘယ်သူသိနိုင်မှာလဲလေ ...။

နတ်မဖွက်တတ်တဲ့ အချစ်ဆိုတာ
အရောင်ကင်းလှတာမို့
အလင်းမရှိတဲ့ နေ့ဆိုတာ
တရံတခါပဲ ရှိတတ်တာမို့
အဖြူရောင် အဆင်းရှိတဲ့ နှလုံးသားကို
ကြိုလင့်မယ့် ရောင်နီနဲ့ပဲ
ဒီကမ်းနဖူးမှာ
 မျှောင်လင့်ရင်းရူး နေတော့မယ် ...။
~~~~~~~~~~

ပုံကို ဒီ ကနေယူပါ၏။

Friday, November 20, 2009

ဒွိဟ ... မိုး


“ ဒွိဟ ... မိုး ”

မိုးမြူမှုန်တွေက
နှလုံးအိမ်ကို ပက်ကျဲ
အလွမ်းတွေရဲခဲ့လို့လား...
ေ၀၀ါးနေတဲ့ စိတ်အမှောင်တိုက်မှာ
ချောင်ပိတ်လို့ အရိုက်ခံလိုက်ရပြီ ...။

အပြင်မှာ ပြိုမလိုနဲ့
ရင်ထဲမှာရွာနေတဲ့ မိုးတွေ
မစွေပဲနဲ့ သည်းလိုက်ပါတော့လား..
ရင်ခွင်တ၀ိုက် နေရာလပ်မှာ
ဒဏ်ရာတွေ ထပ်မစိုက်ပါရစေနဲ့တော့ ...။

အငိုက်မိလိုက်တဲ့ အရှိုက်နဲ့
တိုက်မိလိုက်တဲ့ တိမ်တိုက်တွေ
မိုးရေတွေကို စုပ်ယူလိုက်ပါတော့လား ...
ထုံကျင်နေတဲ့ ပစ္စုပ္ပန်မှာ
အနာတရနဲ့ ရှတတမဖြစ်ချင်တော့လို့ပါ ...။

တကယ်တော့လည်း
စဲသွားတဲ့ မိုးရေနဲ့
ကြဲသွားမယ့်အလွမ်းတွေတောင်
ဒွိဟစိတ်နောက် တကောက်ကောက်လိုက်လို့
နောက် နေတဲ့ ရင်ခွင်မှာ
ကြောက်နေခဲ့ရတာလေ
ခမ်းခြောက်သွားမယ့် နှလုံးသားကိုပေါ့ ...။

ပုံလေးကို ဒီ ကနေယူပါ၏။

Wednesday, November 18, 2009

“နတ်သမီးအတွက် ကဗျာ”

ဒီကဗျာလေးကို အစ်မ အဖြူရောင်နတ်သမီး ရဲ့ နိုဝင်ဘာ (၁၉) ရက်နေ့ (ဒီနေ့)မှာ ကျရောက်တဲ့ မွေးနေ့လေးအတွက် ရေးစပ်ပေးထားတာပါ။
အစ်မ ရှင်သန်ရာ ဘ၀တလျှောက်လုံးမှာ ပျော်ရွှင်ခြင်း ကျန်းမာခြင်း တွေနဲ့ ကိုယ်ရည်မှန်းထားတဲ့အရာ
မျှော်လင့်ထားသော စိတ်ကူးတွေနဲ့ အတူ ရှေ့ဆက်နိုင်ပါစေ။
ထာဝရ ပျော်ရွှင်နိုင်တဲ့ ပူလောင်ခြင်းတွေကင်းတဲ့ နေ့ရက်မျိုးကို ပိုင်ဆိုင်နိုင်ပါစေ။
အစ်မချစ်တဲ့ ကဗျာတွေ အစ်မတန်ဖိုးထားတဲ့ စာပေတွေကို ဆထက်တပိုး ထမ်းရွက်နိုင်ပါစေဗျာ။
ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် ဒီကဗျာလေးကို လက်ခံပေးပါ။
မွေးနေ့ရှင်အစ်မအတွက် ကျွန်တော့်ဘလော့ဂ်မှာ ဤကဗျာလေးဖြင့် မွေးနေ့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
~~~~~~~
“နတ်သမီးအတွက် ကဗျာ”


အကာအရံ များစွာနဲ့
ကန့်သတ်ပိုင်းခြားထားသော
ကမ္ဘာ့နံရံများကြားက
ဖောက်ထွက်လာတဲ့ အလင်းတန်း
ကမ္ဗလာမြေလွှာတွေ လန်းစေဖို့
နတ်ပျိုမင်းသမီးကို
ရက်တိုတို အလင်းနဲ့
ချက်ချင်း ဖန်ဆင်းလိုက်တယ် ... ။

ပျိုးပျိုးပျက်ပျက် လက်နေတဲ့
သူ့ ... မှော်ဝင်ကကွက်တွေမှာ
ရာဇ၀င် တင်စေဖို့
အချင်းနဲ့အလင်းကို ပေါင်းဖက်
တတ်စွမ်းသမျှ အတတ်နဲ့
ဖြတ်သန်းရတဲ့ လမ်းမှာ
ကံဥာဏ်ဝီရိယဆိုတဲ့ နှင်တံနဲ့
ကိုယ့်ကိုကိုယ်မောင်း
အုပ်ထိန်းမှုကောင်းခဲ့တယ် ... ။

နာကျင်မှုတံတိုင်းလည်း
ကျောခိုင်းခဲ့တယ် ...
ဝေးကွာမှုပင်လယ်လည်း
ကမ်းလွန်ခဲ့တယ် ...
အလွမ်းဆိုတာတော့
လူသားတိုင်းနဲ့ ထပ်တူထပ်မျှပေါ့  ... ။

နတ်သမီးပေမယ့် တချက်မငြီးခဲ့ပါဘူး ... ။

လိုရာကိုထုဆစ် ကျူးရင့်ဖို့ဆို
မြူးဇစ်နဲ့လည်း ထပ်တူကြတယ် ... ။

အရူးရင့်မယ့် ကံကြမ္မာလည်း
တူးခြစ်လို့ အကောင်းမြင်
ပူးဆစ်လို့ ပေါင်းသင်ခဲ့တယ် ... ။

ဝါသနာကိုရှေးရှု ကဗျာတွေပြုလို့
စာအစုစုကိုလည်း ကလောင်မှုပြုခဲ့တယ် ... ။

သူ ... အဖြူရောင်နတ်သမီး
ယူဆောင်ခြင်းအလင်းလေးနဲ့
လေထဲက ဖယောင်းတိုင်လို
ပူလောင်ခြင်း ကင်းဝေးစွာ
စေတနာဒလဗွနဲ့ ဒဏ်ရာတွေရနေပ(ပါ)စေ
လူသားအကျိုးပြုဖို့
လောင်ကျွမ်းသမှု ပြုခဲ့တယ် ... ။

ဒီလိုနဲ့ နိုဝင်ဘာ (၁၉)
နေ့ပျိုးရက်တစ်ရက်မှာ
နတ်သမီးမွေးနေ့
ချက်ချင်းစေ့တော့မယ် ... ။

ပြန်ကြည့်လိုက်ပါ ... နတ်သမီးရဲ့ဒိုင်ယာရီ
လျှောက်ခဲ့သမျှ ခြေလှမ်းတိုင်းဟာ
စမ်းတ၀ါးဝါးမဖြစ်ခဲ့ဘူး ... ။
ဖောက်ခဲ့သမျှ လမ်းတိုင်းဟာလည်း
တကိုယ်ကောင်းအတွက် မဟုတ်ခဲ့ဘူး ... ။
ကိုယ်ကောင်းရင် ခေါင်းမရွေ့
အကြောင်းမရွှေ့သရွေ့တော့
လူသားထုအကြား ရွေ့လျားနေမယ် ... ။

ကမ္ဘာတွေ ပျက်သုဉ်းလို့
မဟာမြေ တဖက်လုံးမှာ
မြေဆီလွှာတွေ ခမ်းခြောက်
ရေတာတွေ ကျိုးပေါက်ကုန်ရင်တောင်
နတ်သမီး အဆင်းနဲ့
ချက်ချင်း လင်းလိုက်မယ် ...
ကမ္ဘာမြေအတွက်ဆို
ထာဝစဉ်စောင့်ကြပ်မယ့်
သူ ... အဖြူရောင်နတ်သမီး ... ။
~~~~~~~~
ခင်မင်လေးစားမှုဖြင့်
ညရဲ့ကောင်းကင်

Monday, November 16, 2009

အချစ်ကြောင့် ကျိုးကြေသွားရခြင်း

တစ်နေ့... အဲဒီနေ့ကပေါ့။ ဘယ်လိုမှ မျှော်လင့်မထားတဲ့ တစ်နေ့။ မျှော်လင့်ချက်များစွာနဲ့ ရှင်သန်ခဲ့ရတဲ့ ဘ၀။ အချစ်ဆုံးသူ တစ်ယောက်ရဲ့ အားပေးစကားတွေနဲ့ အားပြုနေတဲ့ အချိန်။ ဘယ်လိုမှ ထင်မှတ်မထားခဲ့မိပါဘူး။ ကြားလိုက်ရတဲ့စကားက ရှေ့မဆက်နိုင်တော့ဘူးတဲ့။ ဘာလို့လဲ...ဘာလို့လဲ။ အကြောင်းပြချက်က သိပ်မလှပခဲ့ပါဘူး။ သေဆုံးသွားတဲ့ လူတစ်ယောက်အပေါ်ပဲ ချစ်သွားချင်တော့လို့တဲ့။ သေဆုံးသွားတဲ့ လူတစ်ယောက် အပေါ်ကိုသစ္စာမမဲ့ချင်ဘူးတဲ့။ ဒါဖြစ်နိုင်ပါ့မလား စိတ်ထဲမှာ လုံးဝလက်မခံချင်ဘူး။ ငါ့ကိုချစ်ခဲ့မိတာလည်း ပထမဆုံးနဲ့ နောက်ဆုံးအမှားပါတဲ့။ ခွင့်လွှတ် နားလည်ပေးပါတဲ့။ ငါဘယ်လိုလုပ်ရမလဲ။  စဉ်းစားကြည့်လိုက်တိုင်း ဘယ်လိုမှမယုံနိုင်ခဲ့ဘူး။ ဘယ်လိုမှလည်း ဆက်ပြီးမယုံကြည်နိုင်ပါဘူး။ ဒါပေမယ့် အသည်းတွေ အထပ်ထပ်နဲ့ ဟက်တက်ကွဲခဲ့ပြီပေါ့ဗျာ။ မျှော်လင့်ချက်တွေနဲ့ တည်ဆောက်ထားတဲ့ စိတ်ကူးတွေ၊ ကိုယ့်ကိုကိုယ် ပေးထားခဲ့တဲ့ ကတိတွေနဲ့ ငါဘယ်လို ရှေ့ဆက်ရတော့မှာလဲ။ ရင်ထဲမှာ ရူးလောက်အောင် ခံစားနေရတယ်။ မင်းကို ချစ်ခဲ့တာ အပေါ်ယံ သဘောမျိုးနဲ့ မဟုတ်ခဲ့ရပါဘူး။ တကယ့်ကို နှစ်နှစ်ကာကာနဲ့ ချစ်ခဲ့တာပါ။ မြေနီကုန်း တနေရာမှာ မင်းကို စတွေ့လိုက်ရကတည်းက ဖြစ်ပေါ်ခဲ့တဲ့ အချစ်ပါ။ မင်းဆီက အဖြေကို ရခဲ့ရတဲ့ နေ့ကစပြီး  ငါပျော်ရွှင်ခဲ့ရတာပါ။ မင်းမမှားပါဘူး။ ငါ့ကို ချစ်ခဲ့တာလည်း မင်းမမှားပါဘူး။ သေဆုံးသွားတဲ့ တစ်ယောက်အပေါ်ကို မင်းဘယ်လောက်တောင် ချစ်လဲဆိုတာ ငါနားလည်ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မင်းသူ့ကိုချစ်သလိုမျိုး ငါလည်း မင်းအပေါ်ကို ချစ်ခဲ့မိလို့ပါပဲ။ ဘာမှမပိုင်ဆိုင်တဲ့ ငါ့ဘ၀ကို တခဏဖြည့်ဆီးပေးခဲ့တဲ့ အတွက် ကျေးဇူးပါ။ မင်းအတွက်နဲ့ အင်အားတွေ ဖြစ်ပေါ်ခဲ့ရတဲ့ အတွက်လည်း ကျေးဇူးပါ။ ငါ့စိတ်ကို မင်းနားအလည်ဆုံးလို့ ပြောခဲ့တဲ့အတွက်လည်း ကျေးဇူးပါ။ ငါပို့သမျှ မေးတိုင်းကို ဖတ်ပေးခဲ့တာလည်းကျေးဇူးပါ။ မင်းဘက်က ပြတ်သားနိုင်ရင်တောင် ငါ့ဘက်ကတော့ အရင်အတိုင်းပဲ ဆက်ချစ်နေမှာပါ။ အစိတ်စိတ်အမွှာမွှာကွဲခဲ့ရတဲ့ အသည်းဆိုတာ စုတ်ပြတ်သတ်...လောက်အောင်ပါပဲ။ ရင်နင့်အောင်လည်း ခံစားရတယ်။ ငါ့အတွက်ကြောင့် စိတ်ရှုပ်နေရမယ် ဆိုရင် မင်းကိုတောင်းပန်ပါတယ်။ လူတစ်ယောက်အပေါ်ကိုပဲ စွဲစွဲမြဲမြဲ ချစ်တတ်တဲ့ မင်းကို ငါအရမ်းလေးစားမိပါတယ်။ ငါကတော့ အစကတည်းက ဆုံးရှုံးခြင်းတွေကိုပဲ ရရှိခဲ့တာပါ။  မင်းစိတ်ထဲမှာ ငါ့ကိုဦးစားပေးခဲ့တယ်။ သံယောဇဉ် ရှိခဲ့တယ်ဆိုတာ ငါသိပါတယ်။ ငါဟာ ကံမကောင်းခဲ့တဲ့သူပါ။ အရာရာတိုင်းကို ရရှိပြီးမှ ဆုံးရှုံးခဲ့ရတာပါ။ ဒါပေမယ့် ငါကျေနပ်ပါတယ်။ မင်းနှုတ်ခမ်းဖျားက ငါ့ကို ချစ်ပါတယ်ဆိုတာ ကြားခဲ့ရလို့ပဲ။ မင်းကိုနားလည်ပေးသလို ငါ့ကိုလည်း နားလည်ပေး စေချင်ပါတယ်။ ဒါပေမယ့် ချစ်သူရယ် မင်းဘ၀မှာ အားကိုအားထားပြုဖို့ ယောက်ကျားတစ်ယောက် ဘ၀တခုထူထောင်ဖို့ လူတစ်ယောက်လိုလာခဲ့ရင် ငါ့ကိုဦးစားပေးအနေနဲ့ စဉ်းစားပေးပါ။ ဘာလို့လဲဆိုတော့ ငါအမြဲတမ်း စောင့်မျှော်နေမှာမို့လို့ပါ။ မင်းပြောခဲ့သလို့ပဲဆို ငါသည်လည်း အခုရော နောင်ရော မင်းရဲ့ ထာဝရချစ်သူပဲ ဖြစ်စေရမယ်။ ခုဘ၀မှာ မပေါင်းဆုံနိုင်လို့ နောင်ဘ၀ဆိုတာရခဲ့ရင် မင်းရဲ့ ချစ်ခြင်းကို ခံရတဲ့ လူသားတစ်ယောက် ထပ်ဖြစ်ရပါစေ။ ငါတောင်းဆုပြုပါတယ်။ ငါ့ကို တယူသန်တယ်လို့လည်း မပြောပါနဲ့။ မင်းပြန်လာနိုင်ဖို့ကို ငါ့ရင်ခွင်တံခါးကို အမြဲတမ်း ဖွင့်ပေးထားပါမယ်။ ဘယ်အချိန် ဘယ်အခါပဲ ဖြစ်ဖြစ်ပြန်လာခဲ့ပါ။ လူတစ်ယောက်ကို ချစ်ခဲ့တာ တဘ၀လုံးအတွက် ဆိုရင် သေဆုံးသည်အထိ ချစ်သွားပါရစေ။ မင်းကိုပေးခဲ့တဲ့ ကတိ ဖျက်လိုက်တော့မယ်။ နောင်ဘယ်တော့မှ မငိုတော့ပါဘူး ဆိုတာ။ ငါငိုမယ်...မင်းကိုသတိရတိုင်းငိုမယ်...လွမ်းတိုင်းငိုမယ်။ မျက်လုံးတွေ ပေါက်ထွက်ပါစေ ငါငိုမယ်။ နောက်ပြီး သေချာတာက မင်းးဓာတ်ပုံလေးတွေကို ငါ့ရဲ့ခေါင်းအုန်းအောက်မှာ တသက်လုံး ထားသွားဖြစ်မှာပါ။ ညအိပ်တိုင်းမင်းအတွက်  ဆုတောင်းပေးနေမိမှာပါ။ ငါသိပ်ချစ်ရတဲ့ ချစ်သူစိတ်ဆင်းရဲတာ မခံချင်ပါဘူး။ အချစ်ဆိုတာ ပေးဆပ်ခြင်းဆိုရင် ထာဝရပေးဆပ်ခွင့်ကြုံပါရစေ။ မင်းပျော်ရွှင်မယ်ဆို ငါမျက်ရည်တွေနဲ့ သွေးချောင်းစီးပေးပါ့မယ်။ ဒါပေမယ့် မင်းပျော်ရွှင်အောင် ရှင်သန်နိုင်အောင်ကြိုးစားပါ။ အရာရာကို တရားနဲ့ မြင်တက်ဖို့ ကြိုးစားပါ။ ငါမင်းကို သိပ်ချစ်တယ်။ မနက်ဖြန်ဆို မင်းနဲ့ငါနဲ့ ချစ်သူသက်တမ်း  အက္ခရာတွေတိုးတော့မယ်။  အချိန်ကာလက ဘယ်လောက်မှ မကြာသေးပေမယ့် ငါ့ရဲ့ အချစ်တွေကတော့ နှစ်တွေရာထောင်ချီသလောက်ပါပဲ။ ငါလည်းတတ်နိုင်သလောက် ကြိုးစားပါ့မယ်။ မင်းတချိန်ငါ့ဆီကို ပြန်လာနိုင်ခဲ့ရင် တည်ငြိမ်နေတဲ့ ယောက်ကျားတစ်ယောက် မင်းလက်တွဲနိုင်လောက်မယ့် ယောက်ကျား တစ်ယောက် ဖြစ်အောင် ကြိုးစားပါ့မယ်။ အချိန်တိုင်းသတိရနေပါ့မယ်။ အချိန်တိုင်းတမ်းတနေပါ့မယ်။ မင်းသိပ်ချစ်တဲ့ မိုးတွေထဲမှာ နေတတ်အောင်လည်း ကြိုးစားပါ့မယ်။ မင်းအတွက် ငါရည်ရွယ်ထားတဲ့ ဆန္ဒကိုလည်း ဖြစ်အောင်လုပ်မယ်။ မင်းအတွက်စီစဉ်ထားတာတွေ အများကြီးပါ။ စိတ်ကူးတွေနဲ့ တည်ဆောက်ထားတဲ့ အနာဂါတ်ခရီးတွေလည်း အများကြီးပါ။ အဲဒီအစီအစဉ်တွေကို ငါဖြစ်အောင်လုပ်မှာပါ။ တချိန်ချိန်ဆိုတာ ငါ့အတွက် တကယ်ရှိခဲ့ရင် ရည်ရွယ်ချက်လေး အကောင်အထည်ပေါ်ပါရစေ။ မင်းကိုတခု အကြံပေးချင်ပါတယ်။ တတ်နိုင်သလောက် စိတ်ငြိမ်းချမ်းအောင် ကြိုးစားပါ။ လူဆိုတာ ကိုယ့်ကံနဲ့ကို ကိုယ်လာတာပါ။ ရှေးဘ၀က ပြုခဲ့တဲ့ကုသိုလ်ကံကြောင့် ဒီဘ၀ရဲ့ သက်တမ်းဟာ တိုရတယ် ရှည်ရတယ်ဆိုတာ ငါတော့ ယုံကြည်တယ်။ ဖြစ်နေတဲ့ အဖြစ်မှန်ကို လက်ခံနိုင်အောင် ကြိုးစားပါ။ နောက်ဆုံးအနေနဲ့ တခုပဲ တောင်းဆိုပါရစေ။ ငါ့ကိုမမုန်းပါနဲ့။ ငါ့ကို ချစ်ခဲ့တယ်ဆိုတာ လက်ခံပေးကြည့်ပါ။ မင်းအတွက်ကြောင့် သူဟာသေဆုံးခဲ့ရတယ် ။ မင်းပရောဂ မကင်းဘူးဆိုပြီး စိတ်ထဲမှာဖြစ်နေမယ်။ အဲဒါတောင် မင်းကငါနဲ့ ပျော်ရွှင်နေမိတယ်။ သူ့အတွက် မတရားဘူးလို့လည်း မတွေးပါနဲ့။ လူတစ်ယောက်အပေါ်ကို မတရားဘူးဆိုရင် တခြားလူတစ်ယောက် အတွက်ကော တရားပါ့မလား။ ဘာပဲဖြစ်ဖြစ် မင်းစိတ်ကို တည်ငြိမ်မှု ရစေချင်တယ်။ နောက်ထပ် ငါထပ်ပြောပါရစေ။ ငါကလည်း မင်းအတွက် ထာဝရ ချစ်သူပါ။ အခုရော နောင်ရော ထာဝရချစ်သူပါ။ မင်းစိတ်ပျော်ရွှင်စွာနဲ့ အစစအရာရာ အဆင်ပြေပြီး အနာဂါတ်ခရီးလမ်းကို ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ပါစေ။

မိုးရွာတယ်ဆိုတာ မိုးဥတုကုန်ဆုံးတဲ့ အထိပါပဲ။ ငါ့ရင်ထဲမှာ ရွာနေတဲ့ မိုးကတော့ ရာသီမရွေး အချိန်တိုင်းပါ။
ပျော်ရွှင်ခွင့် မရခဲ့တဲ့ ငါ့ရဲ့ ဒီဘ၀အတွက် နာကျင်မှုတွေကိုသာ အဖော်အဖြစ်နဲ့ပေါ့ ငါနေတတ်အောင်ကြိုးစားပါ့မယ်။ ဒါပေမယ့် မင်းနားခိုချင်ရင် အချိန်မရွေး ပျံသန်းလာခဲ့ပါ။ သစ်အိုပင် တစ်ပင်က ပုပ်ဆွေးနေတဲ့ အထိ စောင့်မျှော်နေပါမယ်လို့။

အသက်ရှုရှိုက်လိုက်တိုင်းမှာ
လေထဲက ပွင့်ဖတ်တွေက
ငါ့ရင်ကိုလာလာရိုက်တယ်...
ခံလိုက်ရတာ သေမတတ်ပဲ...

ကိုးကွယ်ခဲ့တဲ့ နတ်ဖုရားမ
ကျိန်စာတွေ အပြွတ်လိုက်
စီမံလိုက်လို့လားမသိ
ဒီနှလုံးသားကိုပဲ
လာလာတိုးနေကြတယ်...

ဘယ်ဘ၀ အငြိုးရယ်ကြောင့်
ဒီဘ၀ ညှိုးငယ်နေရတာလဲ
တချက်မတိုးမကျယ်လေးနဲ့
ငါ့ဆီကို အလည်လာခဲ့ပါဦး
ကြွေနွမ်းတဲ့ နှလုံးသားပေမယ့်
သေလမ်းသို့မသွားခင်အထိတော့
ဒီလမ်းမှာ စောင့်စောင့်နေပါမယ်...
စောင့်စောင့်နေပါမယ်...
စောင့်နေပါမယ်..
စောင့်
နေ
ပါ
မယ်
~~~~~~~~~~~~~

Thursday, November 12, 2009

“ကမ္ဘာကြွေမယ့် တစ်နေ့ရောက်ခဲ့ရင်”

အမှန်ကို ၀န်ခံပါသည်။ တခါမှ တက်ဂ်မခံရဖူးပါ။ ပိုဆိုးတာက ဒီခေါင်းစဉ်.. ဒီအကြောင်းကို မေ့ထားတာ  (ကြောက်လို့)။ ကျွန်တော့်ကို တက်ဂ်ဖော်ရတဲ့ ကိုဏီလင်းညို (ဒုက္ခပေးဖော်လည်းရတယ် .. စတာနော်)ကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကနေ ပြောပါရစေ...။ ကျွန်တော် တက်ဂ်ပို့စ်တခါမှ မရေးဖူးတဲ့အတွက် အမှားများပါခဲ့ရင် ခွင့်လွှတ်ပါလို့ ကြိုပြီးတောင်းပန်ပါရစေ။ တတ်နိုင်သလောက်ကို ကြိုးစားပြီး ... ရေးပေးလိုက်ပါတယ်။
နောက်ပြီး ကျွန်တော်စိတ်ကူးတွေပုံဖော်ခဲ့တဲ့ ဒီဒိုင်ယာရီလေးမှာ ခုလိုမျိုး ညီအစ်ကို မောင်နှမတွေနဲ့ တွေ့ဆုံ ခွင့်ရလို့ အရမ်းကိုပဲ ၀မ်းသာပျော်ရွှင်မိပါတယ်။
~~~~~~~~

ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်ပေါ့လေ ...

(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ…

ကျွန်တော် ရှိနေချင်တာက ကျွန်တော်ချစ်တဲ့ မိသားစုနဲ့အတူပါ။ ဆိုးတူကောင်းဖက်နဲ့ အတူတူအခြေချခဲ့ပြီးမှ ကြွေလွင့်ရမယ်ဆိုလည်း အတူတူ ကြွေလွင့်ချင်ပါတယ်။ အတူတူရင်ဆိုင်ချင်ပါတယ်။ ကျွန်တော်တို့ မိသားစုက ဆွေမျိုးကင်းပါတယ်။ လိုရင်လာတတ်ပြီး မလိုရင် စိတ်ကူးထဲတောင်မထည့်တဲ့ ဆွေမျိုးတွေကို လျစ်လျူရှုထားတာ ကြာခဲ့ပါပြီ။ အောက်ခြေကစပြီး ထူထောင်လာခဲ့ရတဲ့ မိသားစု သက်တမ်းမှာ ကိုယ်တိုင်ပါဝင် ခံစားခဲ့ရတဲ့ အတွက် နောက်ဆုံးခရီး ဆိုရင်တောင် ဒီမိသားစုနဲ့ပဲ ကျော်ဖြတ်ချင်ပါတယ်။

(၂) ဘာတွေခံစားနေရလဲ…

ခံစားနေရတာတော့ ပိုပြီးသာယာပျော်ရွှင်မယ့် မိသားစုတစ်စု (ကျွန်တော်သိပ်ချစ်ရတဲ့ ကျွန်တော့်အပေါ် အနိုင်ယူလွန်းအားကြီးတဲ့ ကောင်မလေးနဲ့အတူ) မဖန်တီးနိုင်ခင်မှာ ပျက်သုဉ်းရမှာကိုပဲ။ နောက်ပြီး ရည်ရွယ်ချက်တခုနဲ့ ခွဲခါလာခဲ့ပြီးမှ မပြည့်စုံပဲ တန်းလန်းကြီး ထွက်သွားရမှာကို နှမြောနေမိတယ်။

(၃) ဘာတွေပြင်ဆင်ထားမလဲ…

ပြင်ဆင်သင့်တာတွေကတော့ အများကြီးပါ။ ရတနာသုံးပါးကို နှလုံးသွင်းတတ်ဖို့။ ကုသိုလ်ကောင်းမှုကို တတ်နိုင်သလောက် လုပ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုတိုတောင်းလှတဲ့ ကျန်ရှိတဲ့ အချိန်လေးမှာ သူတဖက်သားအပေါ်ကို အပြစ်မလုပ်မိဖို့လည်း ပိုအရေးကြီးပါတယ်။ နာကျည်းစရာတွေရှိရင် မေ့လိုက်မယ်။ မုန်းလောက်မယ့် သူတွေရှိခဲ့ရင်လည်း အဆုံးထိတိုင် ခွင့်လွှတ်လိုက်မယ်။ ရိုးသားတဲ့ဘ၀လေးနဲ့ပဲ တတ်နိုင်သလောက် ရှေ့ဆက်မယ်။

(၄) ၀မ်းနည်းမိမှာက…

ဝမ်းနည်းမိမှာကတော့ မိဘကျေးဇူးကို ဆပ်ရမယ့် အချိန်တွေ တိုသွားလို့ပါ။ ယုံကြည်ချက်တခုနဲ့ မဖြစ်ဖြစ်အောင် လျှောက်လာခဲ့ပြီး မိဘရဲ့ အကူအညီကို ခုထိတောင်းခံနေရတဲ့ အတွက် အပြစ်တခုလို ခံစားနေရတဲ့အချိန်မှာ မိဘကို လုပ်ကျွေးပြုစုဖို့ အချိန်တွေနည်းသွားလို့ပါ။ နောက်ပြီး ကျွန်တော်တို့ သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဘာသာပါ ကွယ်ပျောက်သွားခဲ့မယ်ဆိုရင်တော့ အရမ်းဝမ်းနည်းမိမှာပါ (ကမ္ဘာပျက်သုဉ်းရင်တောင် ဗုဒ္ဓဘာသာကို အရှည်တည်တံ့နေစေချင်ပါတယ်) ။

(၅) ကြောက်လန့်မိတာက…

ကြောက်လန့်မိတာက သိပ်မရှိပါဘူး ... သေရမှာ တခုတည်းပါး) ။ သေရင်တော့ အားလုံးထက်အရင် သေသွားချင်ပါတယ်။ ကျွန်တော်က နှလုံးသားနုတယ်။ အော်ပြီးငိုယိုနေကြတဲ့ လူသားတွေအားလုံးကို မမြင်ချင်ပါဘူး။ နှလုံးသားရပ်ပြီး သေသွားမှာတော့ကြောက်တယ်။ အဟီး အဲဒါကြောင့်း) ။

(၆) ဆောင်ထားချင်တာ…

ဆောင်ထားချင်တာက ကျွန်တော်တို့ ယုံကြည်ကိုးစားရတဲ့ ရတနာသုံးပါးပါ။ နောက်ပြီး လောကမှာ ဘယ်အရာမှ တည်မြဲခြင်းမရှိဘူး “ပျက်ချိန်တန်လို့ ပျက်တယ်” ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးအမလေးတခုပါ  (ပြောတာပြောချင်တာ သေချာမပြောတတ်လို့ဗျ) ။

(၇) ဘာတွေရေးမိမလဲ…

ရေးမိမှာကတော့ ကဗျာတွေပါပဲ။ ကဗျာကို အသက်လောက် ချစ်မြတ်နိုးတဲ့အတွက် ကဗျာတွေကိုပဲ ထုဆစ်မိနေအုန်းမှာပါ။ ကျွန်တော့်ကို တခြားအရာနဲ့ ဆွယ်လို့နေနိုင်ပေမယ့် “ကဗျာ” နဲ့ဆွယ်ရင် ကောက်ကောက်ပါအောင်လိုက်မိမှာ သေချာတယ်း) ။

(ဂ) တွေးမိတွေးရာ...

ကျန်ရှိတဲ့ အချိန်လေးကို ကြိုးစားမယ်။ ကောင်းကောင်းစားမယ်။ ကောင်းကောင်းနေမယ်။ မည်သူ့အပေါ်မှ ကာယကံ ၊ ၀ဇီကံ ၊ မနောကံ တို့ဖြင့် မကျူးလွန်မိအောင် နေထိုင်သွားမယ်။ ဘုရားတရားကို အချိန်ပေးပြီး လုပ်သွားမယ်လို့တော့ စဉ်းစားပါတယ်။

(၉) ဂုဏ်ယူချင်တာက…

ယခုဘ၀မှာ လူလာဖြစ်ရတာကို ဂုဏ်ယူချင်ပါတယ်။ ခံစားတတ်တဲ့ နှလုံးသားတစုံလည်း ရရှိခဲ့တယ် (အဲဒါကြောင့် ကဗျာတွေရေးနိုင်ခဲ့ရတာကိုး) ။ ပျော်ရွှင်မှုရသ အ၀၀ကိုလည်း ခံစားခဲ့ရတယ်။ ၀မ်းနည်း ကြေကွဲမှုတွေလည်း ကြုံတွေ့ခဲ့ရတယ်။ လူဆိုတဲ့ အတန်းအစားရဲ့ ခံစားရမှု အစုံစုံကို ခံစားခဲ့ရလို့ပါပဲ ။

(၁၀) ရှာကြံဖြေသိမ့်မိတာက…

တော်သေးတာပေါ့ အရမ်းချစ်ရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ကိုခံခဲ့ရလို့ (လူပျိုကြီးဖြစ်သွားမှာ တော်တော်ကြောက်နေတာ :P) ။ ကောင်မလေးက လက်ခံရင် ပျော်ရွှင်ရမယ့် မိသားစုလေးကို ဖန်ဆင်းဖို့ အချိန်ကျန်နေသေးလို့ (သိပ်တော့မကျန်တော့ဘူးနော် အဟီးဟီး ငိုချင်လာပြီနော် ) ။

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း...

ကျူးရင့်ချင်တာကတော့ ကဗျာလေးတပုဒ်နဲ့ပေါ့ (ကဗျာရူးဖြစ်နေလို့ပါ သီးခံကြပါနော်)

ကမ္ဘာ...ကမ္ဘာ...ကမ္ဘာ
သူ့ နှလုံးသားကို အမှီပြု
ငါတို့ပေါက်ဖွားခဲ့တယ် ။


သူ့ သယံဇာတကို တူးယူ
ငါတို့ တည်မြဲယူခဲ့တယ် ။


သူ့ ၀မ်းတွင်းကျွမ်းလောင် 

ပြိုပျက်အောင်လို့
ငါတို့ အပြစ်ဆောင်ခဲ့တယ် ။


သူ့ အရိပ်အောက်မှာနေ
သူ့ အခက်ဘယ်လိုချိုးချိုး
ငါတို့စေရာ သူခံခဲ့တယ် ။


သူကတော့ ခွင့်လွှတ်သီးခံ
စိတ်ရင်းမှန်နဲ့
ငါတို့ကောင်းကြောင်း
သွန်းလောင်းပေးခဲ့တယ် ။


ငါတို့ ကတော့ သူ့ကို
လျစ်လျူရှုလို့ အပြစ်တွေပြုခဲ့တယ် ။


ခုမှ သူ့ကို သတိရကြောင်း
စာတွေလောင်းလည်း
သူအကြောင်းက မကောင်းတော့ဘူး ။


သူငိုနေတယ်
ဝမ်းသာလို့လား ၀မ်းနည်းလို့လား
အဖြေရှာမရတဲ့ ဝေဒနာဘ၀နဲ့
သေချာတာက
သူခေါ်ဆောင်သွားတော့မယ် ။


ငါတို့ မလိုက်ချင်လည်း
လိုက်ပါရတော့မယ် ။


ငါတို့ကို ချစ်ခဲ့တဲ့ သူ့ကို
ငါတို့ ပြန်ချစ်ကြပါစို့ ။


အခုတော့
ငါတို့အားလုံး
ကမ္ဘာကြီးကို တောင်းဆုခြွေကြမယ် ။


“ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
  ကြွေလွင့်မသွားခင် အထိလေ
  ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
  ငါတို့နဲ့အတူ ရှိပါစေ ”


(ကိုငှက်ရဲ့ သီချင်းကို ဖျက်လိုက်မိတာ အားလုံးကို တောင်းပန်ပါတယ်ဗျာ)
~~~~~~~~~
အားလုံးကို ခင်မင်လေးစားလျက်...
     ညရဲ့ကောင်းကင်




Tuesday, November 10, 2009

“အင်အား”



ညတွေက  တိတ်ဆိတ်မှုကို
အရိပ်လိုပြုလို့  မြှောက်ပင့်ကြတယ် ...

ဘ၀တွေက  ထိုးနှက်မှုကြောင့်
တချို့  ကတိုးတက်
တချို့  ကစိတ်ပျက်ကြတယ် ...

ကုန်းကောက်စရာမရှိပေမယ့်
ရုန်းလောက်တဲ့အင်အားနဲ့
လုံ့လများရဲ့အောက်မှာတော့
အကြောက်တရားဆိုတာ
ဖောက်ပြားစရာကို မလိုခဲ့တာ ...

လဲကျရင် ထလိုက်မယ်
ထူမယ့်သူကို မမျှော်ဘူး...
နွမ်းလျှရင် ကလိုက်မယ်
အားပေးသူမရှိလည်း ဖြစ်တယ် ...

ကိုယ့်စိတ်နဲ့ ကိုယ့်အရိပ်
တွဲနေသေးသရွေ့
ဘယ်လမ်းဘယ်လောက်ဝေးပစေ
မျှော်မှန်းတဲ့အတိုင်း လျှောက်လှမ်းရဲတယ် ...

မရှိတဲ့ ကံကိုလည်း မတောင့်တဘူး ...
ရှိတဲ့ ဥာဏ်ကိုပဲ ရောင်းချမယ် ...
ဝီရိယကို စိုက်ထုတ်
ကာယအလုပ် လုပ်လည်းဖြစ်တယ် ...

ဒူးမခေါက်သရွေ့   ဒူးမထောက်ဘူး...
ဘေးမရောက်သရွေ့   ပြေးမကြောက်ဘူး...

ဘ၀ကို ခုတုံးလုပ်
လူလုံးပြုတ်လဲ အပူရုပ်တော့မလုပ်ဘူး ...
ကိုယ့်လက်နဲ့ ကိုယ့်ခြေ
သက်သေတွေတည်မယ် ...
ကိုယ့်ကိုကိုယ်မာန်တင်း
ဖန်ဆင်းရဲတယ် ...

နာကျင်မယ့် ကြမ္မာတွေ
လာချင်လည်းလာပါစေ ...
ကိုယ့်မိသားစုအတွက်
ဘ၀ကိုကိုယ်စားပြု
အနာဂါတ်ကိုထုဆစ်မယ် ...
ဆုဖြစ်မယ့်အတွေးတွေနဲ့
လျှောက်လှမ်းမယ့်လမ်းကတော့
မဝေးတော့ပါဘူးလေ ... ။

Saturday, November 7, 2009

☺ ငါ့ရဲ့ လမင်း ☺





ရှင်းသန့်တဲ့ ရင်ခွင်မှာ
အစဉ်ထွန်းလင်းနေတဲ့ လမင်း
ပြည့်ဖြိုးနေလိုက်တာက
လှရက်လိုက်တာ ... ။

မဟူရာညပေမယ့်
မတူတာတခုကတော့
နင်ဖြန့်ကျက်တဲ့ အလင်း
ငါ့ရင်ကိုခင်းထားတာက
လွမ်းမောလိုက်တာ ... ။

အရာရာ တိတ်ဆိတ်နေပေမယ့်
အလိုက်မသိတာက ... ငါ
ရှိုက်မိတဲ့လေထုနဲ့တောင်
ဝင်သက်ထွက်သက် မမျှသလိုနဲ့
သန်းခေါင်ယံညဉ့်အဆင်းမှာ
အသူရာတွေစစ်ခင်းသလို
အမူအရာတွေပစ်သွင်းရင်း
အငိုက်မိတဲ့ နှလုံးသားနဲ့
ငါ ... မောက်မားမိခဲ့တာပေါ့ ... ။

ဒါပေမယ့်လည်း
ရင်ထဲကလမင်းမို့
အပြစ်ကင်းတဲ့ မြှားတစင်းကို
နင့် ရင်တွင်းသို့
ချစ်ခြင်းစေတမန်နဲ့
ဖြစ်ခြင်းတွေ အစီရင်ခံလိုက်မယ်
နင့်ရဲ့  ...
နှလုံးသားကို
ငါ့ဆီ ...
တဖန် ပို့လွှတ်လှည့်ပါ ... ။

Thursday, November 5, 2009

သခင်


တွယ်ငင်ရစ်သည့်
နှောင်ကြိုးမျှင်ဖြင့်
ပတ်ကာထားသည့်
သံယောဇဉ်မျိုး
ရင်၌ပျိုးသည်
သခင်သိပါလေစ ။

လွန်ခိုင်မြဲသည့်
စကားထွေနှင့်
ချိုမြိန်လှသည့်
အချစ်နွံမျိုး
ရင်၌ကျွံသည်
သခင်သိပါလေစ ။

သခင်စိတ်ဖောက်
ကောက်မှာစိုးလို့
စိုးကြောက်ရင်ထဲ
မ၀ံ့ရဲပဲ
ဆိတ်ဆိတ်ငြိမ်သက်
သခင့်တွက်ဆို
နေ့ရက်မတွက်
ပေးဆပ်ရက်သည်
သခင်သိပါလေစ ။

သခင့်ရိပ်နှင့်
ကျွန်ုပ်စိတ်ဒွန်တွဲ
လွန်ဆွဲမိတောင်
တရက်သော်မှ
မျက်တော်မရှ
အပါးတော်မြဲ
နေရဲချင်သည်
သခင်သိပါလေစ ။

သခင်မုန်းလို့
ရှုံးသွားရင်လည်း
လုံးမပါးပဲ
နှလုံးသားကို
အပြုံးများနဲ့
ပေးဆပ်ရဲသည်
လိုရာပြုဖို့
ထုဆစ်ပါတော့
အို ... သခင်ရယ် ... ။

Monday, November 2, 2009

ကြောက်တတ်လာတယ်


မင်းပြောခဲ့တဲ့ စကား
တလုံးတပါးမှတောင်
အမုန်းမပွားခဲ့ဖူးပါ...
မင်းစေလိုရာစေ
နေလိုရာနေခဲ့တယ်... ။

ကြာပဒုမ္မာလို
ရေတကာလယ်မှာ
တင့်တယ်ချင်ပေမယ့် ...
ဒီကောင့် ...
နှလုံးသားရင်မှာတော့
ပြေလည်အောင်
သောင်ထွန်းခဲ့ရတယ် .... ။

ပန်းပွင့်ကြွေတိုင်းလည်း
မကောက်ခဲ့ဖူးပါ ... ။
လေပြေစေတိုင်းလည်း
မရောက်ခဲ့ဖူးပါ ... ။

ဒီကောင့် ...
နှလုံးသားစက္ကန့်တိုင်းကို
မင်းနာရီမှာ
ကုန်ဆုံးစေခဲ့တယ် ... ။

ဆုံးရှုံးမှာစိုးလို့
နာစရာရှိတောင်
ရင်ခွင်တွင်းနက်မှာပဲ
ပျိုပျက်ခဲ့တယ် ... ။

ဒါနဲ့တောင် ...
ဟန်ဆောင်စကားတွေနဲ့
ဒီကောင့်နှလုံးသားကို
မိုင်ကုန်မောင်းခဲ့ရက်တယ် ... ။

ဒီလိုနဲ့လေ ...
နှလုံးသားကရလာတဲ့
အဆိုးရွားဆုံးရလဒ်ကတော့
ဒီကောင်လေ ...
ကြောက် ... ကြောက်တတ်လာတယ် ... ။