Friday, November 20, 2009

ဒွိဟ ... မိုး


“ ဒွိဟ ... မိုး ”

မိုးမြူမှုန်တွေက
နှလုံးအိမ်ကို ပက်ကျဲ
အလွမ်းတွေရဲခဲ့လို့လား...
ေ၀၀ါးနေတဲ့ စိတ်အမှောင်တိုက်မှာ
ချောင်ပိတ်လို့ အရိုက်ခံလိုက်ရပြီ ...။

အပြင်မှာ ပြိုမလိုနဲ့
ရင်ထဲမှာရွာနေတဲ့ မိုးတွေ
မစွေပဲနဲ့ သည်းလိုက်ပါတော့လား..
ရင်ခွင်တ၀ိုက် နေရာလပ်မှာ
ဒဏ်ရာတွေ ထပ်မစိုက်ပါရစေနဲ့တော့ ...။

အငိုက်မိလိုက်တဲ့ အရှိုက်နဲ့
တိုက်မိလိုက်တဲ့ တိမ်တိုက်တွေ
မိုးရေတွေကို စုပ်ယူလိုက်ပါတော့လား ...
ထုံကျင်နေတဲ့ ပစ္စုပ္ပန်မှာ
အနာတရနဲ့ ရှတတမဖြစ်ချင်တော့လို့ပါ ...။

တကယ်တော့လည်း
စဲသွားတဲ့ မိုးရေနဲ့
ကြဲသွားမယ့်အလွမ်းတွေတောင်
ဒွိဟစိတ်နောက် တကောက်ကောက်လိုက်လို့
နောက် နေတဲ့ ရင်ခွင်မှာ
ကြောက်နေခဲ့ရတာလေ
ခမ်းခြောက်သွားမယ့် နှလုံးသားကိုပေါ့ ...။

ပုံလေးကို ဒီ ကနေယူပါ၏။

4 comments:

  1. ကဗျာလေးးတွေ တကယ်ကောင်းတာ .. ဒွိဟ မိုး က ဒွိဟ ..စိတ် နောက် တကောက်ကောက်လိုက်သွားတာပေါ့ ..ဟုတ်လား..

    ReplyDelete
  2. မိုးတွေလဲ မစဲပါစေနဲ့ အလွမ်းတွေလဲ မကြဲပါစေနဲ့...း)

    ReplyDelete
  3. ရင်ခွင်တ၀ိုက် နေရာလပ်မှာ
    ဒဏ်ရာတွေ ထပ်မစိုက်ပါရစေနဲ့တော့
    တကယ် ခံစားလို့ ကောင်းတယ်ဗျာ :)

    ReplyDelete
  4. အောက်ဆုံးအပိုဒ် ကြိုက်တယ်... :)
    တစ်ပုဒ်လုံးကောင်းတယ်...

    ReplyDelete