Sunday, November 22, 2009

မျှော်လင့်ရင်းရူး



မျှော်လင့်ချက် ကမ်းနဖူးမှာ
အလွမ်း ရဲ့ခတ်သံကို
စောင့်ရင်းရူးနေရတဲ့...ငါ
လေပြေရိုင်းရဲ့ ပွတ်တိုက်သံက
မဆီမဆိုင်နဲ့ လူကိုယိုင်အောင်
လာလာ ခနဲ့တယ် ...။

လေပြေရယ် မနိုင်ချင်ပါနဲ့လား ...
မပြိုင်နိုင်တဲ့ ငါ့ နှလုံးသား
လုံးမပါးခင်တော့
ငါ... တူးဆွ တဲ့ အကြောင်း
အကောင်းချည်းသက်သက်မဟုတ်လည်း
ဒီလမ်း ဘယ်လောက်ဝေးပစေ
လျှောက်လှမ်းပါရစေနော် ...။

ငါ...ဟာ
အလွမ်း အော်သံအဆုံးမှာ
လမ်းတွေ မပျောက်ဆုံးချင်လို့ပါ ...။
နှလုံးသား ခေါ်သံအဆုံးမှာလည်း
အရှုံးများ ရင်မဆိုင်ချင်သေးလို့ပါ ...။

တွေးကြည့်လိုက်တဲ့ မသိစိတ်က ...

ဒီကမ်းရဲ့ လမ်းအဆုံးမှာ
ရှုငြီးဖွယ်ရနံ့နဲ့  ညက်ညောတဲ့
ပန်းခင်းတွေ ရှိရင်ရှိမယ် ...။

ရိုင်းစိုင်းမှု ရုပ်လုံးနဲ့ ညှို့မှိုင်းတဲ့
သစ်ရိုင်းတောတွေ ရှိချင်ရှိမယ် ...။

အတ္တတွေဖုံး စိတ်အမှောင်မှာ ရုန်းနေတဲ့
အချစ်ရဲ့ စေတမန် ရှိချင်ရှိမယ် ...။

နှလုံးသားဖြောင့်ချက်ကို သက်သေလုပ်နိုင်တဲ့
သဘာဝတရားသူကြီး ရှိချင်ရှိမယ် ...။

မျှော်လင့်ချက် အလင်းရောင် ခေါ်ဆောင်ပေးတဲ့
မီးအိမ်တလက် ရှိချင်ရှိမယ် ...။

ဘယ်သူသိနိုင်မှာလဲလေ ...။

နတ်မဖွက်တတ်တဲ့ အချစ်ဆိုတာ
အရောင်ကင်းလှတာမို့
အလင်းမရှိတဲ့ နေ့ဆိုတာ
တရံတခါပဲ ရှိတတ်တာမို့
အဖြူရောင် အဆင်းရှိတဲ့ နှလုံးသားကို
ကြိုလင့်မယ့် ရောင်နီနဲ့ပဲ
ဒီကမ်းနဖူးမှာ
 မျှောင်လင့်ရင်းရူး နေတော့မယ် ...။
~~~~~~~~~~

ပုံကို ဒီ ကနေယူပါ၏။

3 comments:

  1. မျှော်လင့်ပါ..ရူးတော့မရူးသွားပါနဲ့...း)

    ReplyDelete
  2. ချမ်းလင်းနေNovember 23, 2009 at 1:18 AM

    နတ်မဖွက်တဲ့ အချစ်အတွက်တော့ မျှော်လင့်ရင်းရူးတော့မယ်ဆိုတော့ အချစ်က ကြီးမားပါလားဗျာ။

    ReplyDelete
  3. ဒီလမ်း ဘယ်လောက်ဝေးဝေး လျှောက်မယ်ဆို ရူးသွားလို့ ဘယ်ဖြစ်မလဲ...စောင့်လိုက်ပါ...ရောက်လာပါလိမ့်မယ်....

    ReplyDelete