Sunday, April 4, 2010

“ပိတောက်နှင့်အတူ”



ရော်ရွက်ဝါကြွေ လေအလာရူး
ရွက်နုဖူးတဲ့ နွေဦးမှာလ
အတာကျူးမယ့် တန်ခူးချိန်ခါ
ဖန်တခါခါ ရောက်ခဲ့ပြန်တော့
ဖော်ပြန်ကာလွမ်း အတိတ်လမ်းလည်း
မှုန်ရီဝါးဝါး မပြတ်သားဆဲ ...။

ဟိုတချိန်က ပိတောက်ဖူးတွေ
နေရာဦးတဲ့ ကေသာဦးမှာ
ရနံ့ရယ်ကြိုင် တလှိုင်လှိုင်နဲ့
မွှေးကြူသင်းပျံ့ မမေ့ရက်လို့
ခြေရာယှက်အောင် လည်ပတ်ခဲ့တဲ့
နေ့ရက်တွေလည်း လွမ်းမိနေဆဲ ...။

ဖက်စွတ်သွန်းဖြိုး အတာမိုးထဲ
နှစ်ကိုယ်လက်တွဲ လျှောက်လှမ်းခဲ့တဲ့
အပြုံးထင်ဟပ် ချစ်သူလက်လည်း
မက်မောတမ်းတ သတိရဆဲ ...။

စကားတီတာ ပြောခါခါဖြင့်
ကြည်သာရွှင်ပြ နေ့ရက်လှတို့
ဖြတ်ကျော်ခိုင်မြဲ သစ္စာသည်လည်း
ပိတောက်နှင့်တူ သင်္ကြန်နှင့်တူ
ကျွန်ုပ်နှလုံးသား ရင်ထဲတွင်မယ်
မြဲတသသ ပိုင်စိုးနေဆဲ ...။

ခုတော့ ...
ပိတောက်တွေဝေ မိုးတွေစွေလည်း
အတိတ်ဟောင်းက ချစ်သူကြောင်းကို
ကဗျာတွေစပ် စာတွေမှတ်သည်
သင်္ကြန်သည်လည်း ရာသီကူးမို့
ပွဲတော်ထူးသည် စိတ်မှာထင်မိ
ဘယ်ဆီထံပါး ချစ်သူနားသို့
ပိတောက်မှာကြား စကားပါးစေ
ဤချိန်ဤခါ ရောက်လာလျှင်ဖြင့်
ချစ်သူပျော်မြူး ကြည်နူးနိုင်ပါစေ ...။
~~~~ @@@@ ~~~~

7 comments:

  1. ကဗျာလေး လာရောက်ခံစားသွားပါတယ်။

    ReplyDelete
  2. ကဗျာလေးဖတ်ရင်း ပိတောက်နဲ့အတူ သင်္ကြန်ရနံ့ကိုပါ ခံစားမိလာတယ်။
    ချစ်သူနဲ့အတူ ပျော်ရွှင်နိုင်ပါစေ။

    ReplyDelete
  3. ကဗျာဖတ်ရင်း တစ်ခါက သင်္ကြန် လေးကို သတိရမိသွားတယ်ဗျာ။ လွမ်းမော ဖွယ်ရာပါပဲ။

    ReplyDelete
  4. ဂျစ်တူလေး... ကြည်နူးနိုင်ပါစေဂျာ....း((

    ReplyDelete
  5. ဂျစ်တူ...လည်း.. ကြည်နူးနိုင်ပါစေဂျာ.....း((

    ReplyDelete
  6. ချမ်းလင်းနေApril 6, 2010 at 8:38 PM

    နှစ်ကူး တခူး မြူးကြွတဲ့ လရာသီမှာ ပျော်ရွှင်ပါစေ ညီရေ။

    ReplyDelete
  7. ခံစားမှု့အပြည့်ပါတဲ့ကဗျာလေးပါဘဲ...
    ရင်ဘတ်နဲ့ခံစားသွားပါတယ်...

    ReplyDelete