Thursday, April 29, 2010

“ရင်ကွဲနာ”



ဒဏ်ရာတွေ အုပ်မိုး အပိုင်စိုးထားတဲ့ ညဉ့်နက်နက်မှာ
အလင်းပြတ်ရွေ့တွေ ကသုတ်ကရုတ်နဲ့ ခေါင်းပေါ်ထိုးချတယ်
နှုတ်ခမ်းတလှုပ်စာပါပဲ ရုန်းမရတဲ့ ဒီအနာက
ဝုန်းကနဲ့ ထလောင်တော့
ရင်ကွဲနာ ကျတယ် ...။

နှလုံးသားကို သတိတရားနဲ့ သံပတ်ပေးတယ် ...
မရဘူး ...
တစက္ကန့်ရဲ့ ရွေ့လျားမှုမှာ နာရီ မိနစ်တံတွေ လိုက်ပါနေတော့
တောင်စဉ်ရေမရ အတွေးတွေနဲ့
သတိရမိခြင်းကြောင့်
ရင်ကွဲနာ ကျတယ် ...။

တလှပ်လှပ်နဲ့ တုန်ခါလာတဲ့ အိပ်မက်တွေ
ဆေးပန်းချီ ခပ်ရေးရေးဆွဲမိလို့လား
မာရ်နတ်ရဲ့ လှောင်ပြောင်ခြင်းကို ခံရတယ်
တိုးတိုးလေး ငုပ်လျိုးလိုက်ချင်ပါတယ်
အစပါလာတဲ့ ကြိုးမို့လား
ရင်ကွဲနာ ကျတယ် ...။

ငှက်ဆိုးရဲ့ အော်သံက ရှိုက်သံတွေနဲ့ အတူ
နေ၀င်သွားသလို
မီးညှိထားတဲ့ ဖယောင်းတိုင်တောင်
ကိုယ်တိုင် အလင်းမဲ့တယ်
ပိုင်ဆိုင်လိုမှု အတ္တတွေက ရေမျောကမ်းတင်မို့လား
ပင်လယ်ကို ဆဲဆိုပြီးမှ ချုံးချုံးချ ငိုရလို့
ရင်ကွဲနာ ကျတယ် ...။

လွှတ်ပစ်လိုက်တဲ့ အဟောင်းတွေ
သတိရလို့ ပြန်ကောက်တော့
အမှိုက်တွေပါတယ် ...
ဒါပေမယ့် စံပယ်ရနံ့တွေ ရှိုက်မိလိုက်တော့
အနမ်းတချက်မှာ အသက်မဲ့သွားတယ်
အသက်ပြန်သွင်းတိုင်းမှာလည်း
ထစ်အထစ်အနဲ့
ရင်ကွဲနာ ကျတယ် ...။

အချိန်ကာလရဲ့ သမားတော်က ဘယ်မှာလဲ ...။
ကုရာနတ္ထိ ဆေးမရှိတဲ့ ညသန်းခေါင်တွေ
အမှောင်တွေအကူးမှာ ကျွံကျွံကျမှတော့
တမ်းတမ်းတတနဲ့ပဲ ရင်ခွင်အပျက်မှာ
နေတခြစ်ခြစ်ပူအောင်
ရင်ကွဲနာ ကျတယ် ...။

ဒီလိုနဲ့ ... ဒီလိုနဲ့ ... ဒီလိုနဲ့ပဲ
စခဲတဲ့ အမှတ်တခု
မဆုံးသေးတဲ့ မှတ်တိုင်ထိ
ရင်ကွဲနာ ကျလွန်းနေတော့
နွေမိုးဆောင်း ဥတုသုံးလီမှာ
ပဲ့ပဲ့သွားတဲ့ နှလုံးသားစည်းချက်တိုင်း
မျဉ်းဖြောင့်တစ်ကြောင်းတည်း အောက်မှာမှ
တဖြည်းဖြည်း တွန့်ကောက်လာခဲ့တယ် ....။

ညလင်းအိမ် (၂၉.၀၄.၂၀၁၀)
~~~~ @@@@ ~~~~~~
ပုံလေးကို ဒီကနေ ယူပါသည် ။
~~~~ @@@@ ~~~~~~
စိတ်အခြေအနေ လုံးဝမကောင်းပါသဖြင့် ညီအစ်ကို မောင်နှမတို့ဧ။် ဘလော့ဂ်သို့ မရောက်ရှိနိုင်ခြင်းအတွက် နားလည် ခွင့်လွှတ်ပေးနိုင်ကြပါစေး((( 
*************************************************************************** 

5 comments:

  1. ရင်ကွဲနာ.....တဲ့လားး
    သိပ်ခံရခက်တဲ့ ဝေဒနာတစ်ခုပေါ့...
    မျှဝေခံစားသွားပါတယ်....ညလင်းအိမ်

    ReplyDelete
  2. ဆရာသမား ကောင်းလွန်းလို့ ဘယ်နေရာ ကောင်းတယ်ပြော ရမှန်းမသိအောင်ကို ကောင်းလွန်းနေခဲ့တယ်း)))))

    ReplyDelete
  3. စိတ်ဒဏ်ရာတွေ အမြန်ကျက်ပါစေရှင်..

    ReplyDelete
  4. အသည်းကပြောတယ်ကိုညရေ..ငါ့ကို ချမ်းသာပေးပါတော့တဲ့..မင်းရင်ဘက်မှာ အသည်းနှလုံးဖြစ်ရတာ ကံမကောင်းဘူးကွာတဲ့..ငါလည်း ပျော်ရွှင်တဲ့ အသည်းနှလုံး ဖြစ်ချင်ပါသေးတဲ့ ကိုညရေ..

    ReplyDelete
  5. ဟပ်ချလောင်း
    အချိန်သမားတော် ရောက်စေသား....

    ReplyDelete