Wednesday, March 31, 2010

“အခွင့်ရှိရှိ မရှိရှိ မ၀င်ရ”



စိတ်အတွေးကို နယ်နမိတ်စည်းချ
တရားဓမ္မနဲ့ တားဆီးတယ်
ဒါပေမယ့် မရဘူး ...
မလှတဲ့ အိပ်မက်တွေကြောင့်
သန်းခေါင်ယံညတွေ ငှက်ဆိုးထိုးတယ် ...။

နှလုံးသားက ဖျားတော့ ဆေးမမှီတယ်
မရတာကိုမှ လိုချင်မိတော့ သေချင်မိတယ်
တခါတလေ မြင်နေရတဲ့ အရာတွေကြောင့်
စည်းဝိုင်းအစွန်းမှာ တွေဝေနေမိတာ
အထဲ လား အပြင် လား ...။
အပြင် လား အထဲ လား ...။

စကားအချိုတွေနဲ့ တအားပိုတတ်တဲ့
နှုတ်ခမ်းပါးပါးလေးတွေ
မာနတံခွန်ထူတဲ့ ယောင်္ကျားကိုမှ လူထင်တယ် ...
သူတို့လည်း ပုခုံးနှစ်ဖက်ကြား ခေါင်းထွက်ကြတာပဲ
သင်္ခါရ သဘောတရားနဲ့ဆို
လူတိုင်းက အရည်ပြားအောက် အရိုးပေါက်တဲ့ သူတွေချည်းပဲ ...။

လက်တဖက်ပုပ်ရင် ဖြတ်ထုတ်နိုင်တယ်
နှလုံးသားတခြမ်းပုပ်တော့ ဘယ်လိုလုပ်မလဲ ...။
သေတ္တာလေး တစ်လုံးလုပ် သိမ်းဆည်းထုပ်ဖို့လည်း 
ကျန်တခြမ်းကို နှမြောတယ် ...။
eBay မှာ ကြော်ငြာလုပ် ရောင်းထုတ်ဖို့လည်း
နှလုံးသားက အဆင့်မမှီပြန်ဘူး ...။

ဒီတော့ရှိစေတော့ ...
မတူတဲ့ အတွေးတွေနဲ့ ပူဆွေးမနေနဲ့တော့
နေသာသလိုနေ ဖြေသာသလိုဖြေ
မလှတာကိုမှ အဲဒါ ဘ၀ ...။

ဒီတံခါးက တွန်းဖွင့်ရမှာ မဟုတ်သလို
ဆွဲဖွင့်ရတာလည်း မဟုတ်ဘူး
အဲဒါ အယောင်ဆောင်ထားတဲ့ တံခါးပေါက်
ခေါက်ချင်သလောက်ခေါက် ရောက်လာမှာက
ကျကျလာတဲ့ စိတ်ရောဂါပဲ ...။

မစောင့်ပါနဲ့တော့ ...
ဒီလမ်းကလည်း တဖက်ပိတ်
တိတ်တဆိတ်မို့
ရင်တထိတ်ထိတ်နဲ့ ရောဂါ  ဖြစ်နေရမှာ ...။
လမ်းမှားသလိုမျိုး အတွေးနဲ့
ခဏလောက် ပြေးလာရင်လည်း
သွက်ချာပါလ လိုက်နေတဲ့
နှလုံးသားအမိုက်ကို
ကမ္မာဝါ စာချ ကန်သာချသွားလိုက်ပါတော့ ...။

“အခွင့်မရှိ မ၀င်ရ” တဲ့
အခွင့်ရှိက ၀င်နိုင်သည်ပေါ့
ဒီလို ဆိုင်းဘုတ်မှာတောင် လာဘ်စားလို့
ရိုးသားတဲ့အရာတွေက ရှား ... ရှားလာတော့လည်း
ကနေ့ ရက်စွဲနဲ့ တိုင်ချိတ်ဆွဲလိုက်မယ် ...

“အခွင့်ရှိရှိ မရှိရှိ မ၀င်ရ” ...။
~~~~ @@@@ ~~~~

6 comments:

  1. “အခွင့်ရှိရှိ မရှိရှိ မဝင်ရ”....ဆိုလို့ ကဗျာဖတ်ပြီးပြန်သွားတယ်..
    ဝင်တော့ဘူး...

    ReplyDelete
  2. ဒါ ရာသက်ပန်
    လူပျိုကြီးပဲ လုပ်တော့မယ် ဆိုတဲ့
    သဘောပေါ့ ....

    ကောင်း၏ ... ကောင်း၏ .. :D

    ReplyDelete
  3. အခွင့်မရှိမ၀င်ရဆိုပေမယ့် အခွင့်မရှိမဖတ်ရ မပါလို့တော်သေးတယ် :)ဒါကြောင့်ဖတ်သွားတယ် ကျန်းမာပျော်ရွှင်ပါစေ ညရဲ့ကောင်းကင်ရေ

    ReplyDelete
  4. ကဗျာလေးတော့ ခဏ၀င်ဖတ်မယ်နော်..:P

    ReplyDelete
  5. ဟုတ်ကဲ့။ မ၀င်ပါဘူး ခင်ဗျ။ လက်ဆွဲခေါ်မှပဲ ၀င်ခိုင်းလိုက်တော့မယ်။

    ReplyDelete
  6. ၀င်တယ်ဗျာ.. မကျေနပ် သတ်လိုက သတ်စေ.... ကဗျာတော့ ဖတ်ရအောင် ၀င်လာမှာပဲ.....း)))

    ReplyDelete