Sunday, December 20, 2009

ကောင်းကင်ရဲ့ အလွမ်း




လသာသော ညတစ်ညကပေါ့
ကောင်းကင် အလင်းအောက်မှာ
မြောက်ပြန်လေညှင်းကို ဆော့မြူ
အလွမ်းတွေ အရယူဖို့
ကြယ်လေးတွေကို တိုးတိုးလေး ရင်ဖွင့်မိတယ် ...။

လမင်းလေးရယ် ...
ကောင်းကင်ရင်ခွင်ဟာ
နူးညံ့လုံခြုံမှု အစွမ်းမှာ
ပထမတန်းပါပဲ ...
ငါ့ ရင်ခွင် ဖ၀ါးအောက်မှာ
လမ်းမပျောက်စေဖို့ဆို
ငါ့ရင်ကို အခါခါနင်း
ဗလာကျင်းလည်း
အလင်းနှစ် သန်းပေါင်းများစွာမှာ
အချစ်နဲ့ အလွမ်း ပေါင်းများစွာ ရှိနေဦးမှာပါ ...။

လမင်းလေးရယ် ...
ကောင်းကင်ရဲ့ သစ္စာနဲ့ ကတိဟာ
ဘယ်အရာနဲ့ထိထိ မငြိစေရပါဘူး ...
အလွမ်းအရှိအတိုင်း ပြောရတိုင်းဆို
နင်ရှိတဲ့ ညတွေ အခါခါသာစေဖို့
ကြယ်တွေကို ဆုတောင်းရတာလည်း
နေ့ ရက် ည သန်းပေါင်းများစွာမှာ
အချစ်နဲ့ အလွမ်းပေါင်းများစွာ ရှိနေချင်လို့ပါ ...။

အကြင်နာ တကယ်စစ်ရင်
ရင်မှာဒဏ်ရာ ဖြစ်တယ်ဆိုတာ တကယ်လားဟင် ...
အမှန်အမှား မခွဲခြားနိုင်ရင်တောင်
ရင်မှာ ခံစားရတာတွေ နင်သိပါစေတော့လေ ...။

ဘာပဲဖြစ်ဖြစ် ... လမင်းလေးရယ်
နင့် အလင်းဖြန့်ကျက်ဖို့ဆို
ငါ့ နှလုံးသားကွင်းပြင်မှာ
အလွမ်းငွေ့ငွေ့ လေးတွေနဲ့လည်း
ထာဝရ လန်းဆန်းနေမှာမို့
ကောင်းကင်တမိုးအောက်မှာ
လမ်း မ ပျောက် ပါ စေ နဲ့ သား ...။

3 comments:

  1. ခံစားချက်တွေကလဲ ပြင်းချက်..

    ReplyDelete
  2. ချမ်းလင်းနေDecember 20, 2009 at 10:26 PM

    ကဗျာလေးရဲ့ နူးညံ့သိမ်မွေ့မှုနဲ့အတူ ပျောက်သောလမ်းက စမ်းတဝါးဝါးမှာ ထွက်မြောက်ပါစေဗျာ။

    ReplyDelete
  3. ဖတ်နေရင်းနဲ့ ကဗျာလေးရဲ့နူးညံ့မှုကို ခံစားရတယ်ဗျ..

    ReplyDelete