Friday, February 26, 2010

“သွေးနဲ့ရောသွားတဲ့ မျက်ရည်”



သွားပြီ ... သွားပြီ ...
ဘ၀က မလှပုံများ
အရှုံးနဲ့ စတိုက်တဲ့ တိုက်ပွဲ အဆုံးမှာတောင်
နှလုံးသား ဒဏ်ရာတွေ အထပ်ထပ်ဖုံးလို့ပေါ့ ...

ပြည့်ပြီးသားအိုးကိုမှ
ထပ်ဖြည့်နေရတဲ့ အခါ
ငါ့ ... စေတနာတွေလည်း
လျှံထွက် ဖိတ်စင် ပျောက်ဆုံးလို့
အရာရာ ပျက်သုန်းပြန်တယ်ဆိုတာ
မသိလိုက်မိပါလား ...

ဒီဇာတ်လမ်းမှာ ... ငါ
မင်းသား မဟုတ်ခဲ့သလို
လူကြမ်းလည်း မဖြစ်ခဲ့ပါဘူး ...
ပွဲကြည့်ပရိသတ် သာသာ
ဘေးလူနေရာက နေပေမယ့်
မျှော်လင့်ချက်လေးကို
အရောင်တင်မိတာ မှားသွားခဲ့ပြန်ပေါ့ ...

တကယ်ဆို ခွေးနေရာ ခွေး
လူနေရာ လူ ဆိုပေမယ့်
ခွေးမှာလည်း သစ္စာရှိမှုတွေ
ထောင်ရာပုံလို့လေ ...
ဒါပေမယ့် ကိုယ့်နေရာကိုယ်
မနေတတ်တော့ သည်းခြေတွေ ထပ်ပျက်ရတာ
ကြိတ်ပြီးတော့သာ ခံလိုက်ပေတော့ ...

မငိုဘူး ... လုံးဝမငိုဘူး ...
ဒါပေမယ့် သွေးမျက်ရည် ကျတယ်
စိတ်တွေ အဆိပ် တက်တယ်
နှလုံးသားတွေ နုံးချည့်နာကျင်တယ် ...
ရပါတယ် ...
သူတစ်ပါးပျက်စီးအောင် မဆုတောင်းတတ်တဲ့ ... ငါ
ငါ့ ကိုယ် ငါ ပဲ ဖျက်ဆီးခံလိုက်တော့မယ် ...

“နင့်” ရင်ထဲမှာ “ငါ” မရှိပေမယ့်
“ငါ့” ရင်ထဲမှာ “နင်” ရှိနေမယ်ဆိုတာ
ဘယ်အရာတွေနဲ့ နှိုင်းယှဉ်ပြရမလဲ ...
အသားလိုလို့ အရိုး တောင်းမိတဲ့ ဘဝ
အရိုးတောင် ဒဏ်ရာ ချုပ်ရိုးတွေနဲ့
မစားရက်လို့ သိမ်းထားလိုက်ရပြီပေါ့လေ ...

နောက်ဆုံးတော့လည်း
ဗလာစက္ကူမှာ နာကျင်နေတဲ့ ကညစ်နဲ့
သွေးမင်တွေကိုသုံး
ဆန္ဒ ပန်းကုံးတွေ သီကုံးလို့
သုညရဲ့ အောက်ခြေနားမှာ တွဲလိုခို
ညဆိုးတွေကို ကျော်ဖြတ်
ကမ္ဘာအဆက်ဆက်တိုင်
ဒဏ်ရာ မနက်ဖြန်တွေကို
ခံစား စံစား နေများ သွားရရင်
နောက်ဆုံးတော့ ... နောက်ဆုံးတော့ ... နောက်ဆုံးတော့ ....
သွေးနဲ့ရောသွားတဲ့ မျက်ရည်ဆိုတာ ...။
 ~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေ ယူပါသည်။

8 comments:

  1. ခင်ဗျားကဗျာတွေ ကြိုက်တယ်ဗျာ တပုဒ်တပုဒ် မရိုးနိုင်ပါ လားနော် အားကျလိုက်တာ ခံစားချက်တွေဖြစ်မှာနော် အားပေးနေတယ်ဗျာ့း)

    ReplyDelete
  2. စကားလုံးတိုင်း ပြင်းထန်နေပါလား ။ ပုံလေးနဲ့ ကဗျာ လိုက်လွန်းတယ်။

    ReplyDelete
  3. ကိုတူးရယ်...ဓါတ်ပုံရော...စာသားတွေရော မြင်ရက် ကြည့်ရက်စရာမရှိ...မသက်မသာ ရှိလိုက်တာ...ဘယ်လို ဆုတောင်းပေးရမှန်းတောင် မသိတော့ဘူး :(((

    ReplyDelete
  4. မျက်ရည်ကသွေးနဲ့ရောသွားတာတဲ့လား

    ReplyDelete
  5. စိတ်မကောင်းတွေ အရမ်းမဖြစ်ပါနဲ့ ညရဲ့ကောင်းကင်ရေ အရာရာအဆင်ပြေပါစေရှင်..

    ReplyDelete
  6. ဘယ်အပိုဒ်ကို ကောင်းတယ်ပြောရမှန်းတောင် မသိတော့ဘူး တပုဒ်လုံးကောင်းလွန်းနေတယ်ဗျာ

    ReplyDelete
  7. မေကျော်March 3, 2010 at 9:19 PM

    ပြည့်နေတဲ့ အိုးကို ထပ်ဖြည့်မိသွားတာလား.....

    ReplyDelete
  8. ကိုတူးးးးးးးးး
    တော်သေးတာပေါ့.....သွေးမှာဝဆွဲပါလို့.....း))
    (ကဗျာလေးခံစားမိတယ်.....)
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete