Tuesday, January 26, 2010

“နှင်းဝေလဲ့သီ ဆောင်းညယံဆီက”














ခရမ်းပြာရောင် ကြယ်စင်ကြွေကျ
လေဟာပြင်မှာတင် ခတဲ့
ရှတတ ရင်ခွင်တညရဲ့
ဒိုင်ယာရီ ပတ်ပျိုးမှာ
ညနှင်းဖြူ ရဲ့ ချမ်းအေးမှုကြောင့်
ရင်တွင်းအပူကို မီးထတောက်ခဲ့ရတယ် ...

လောကပါလ တရားတွေ
အိပ်စက်ချိန်ပေမယ့်
ငါ့ရင်မြို့ရိုးမှာတော့
အိပ်မက်တွေက
နှင်းတဖြောက်ဖြောက်နဲ့
ချောင်းရိုးပေါက်မလောက်ပါပဲ ...

မှုံ ပြာ မှိုင်း ရီ နေတဲ့ မျက်ဝန်းအစုံနဲ့
တုန် ခါ လှိုင်း စီ နေတဲ့ နှုတ်ခမ်းတံခါးဝမှ
မဖွတဖွ နမ်းရှိုက်မိလိုက်တဲ့ ကုမုဒြာ
လရောင်မဆမ်းပေမယ့်
သစ္စာတခြမ်းနဲ့တင်
ပွင့်လိုက်ပါတော့လားကွာ ...

ခုတော့ ...
ကျိုး ပဲ့ ကြေ မွ ပျက်ယွင်းလာတဲ့
မနောအာရုံ တိမ်မိုက်တွေက
အသူရာကမ်းပါးက တော်ဝင်ပန်းလို
မွှေး ဖြူ သန့် ရှင်း ပေမယ့်
ခူး ယူ ဖန် ဆင်း မယ့်သူကမရှိတော့
မဟူရာ ဆောင်းညတွေမှာ
နှင်းအိုငိုသံ တရားဓမ္မတွေနဲ့ပေါ့ ...

တကယ်ဆို
သက်မဲ့ညရဲ့ ၀ိဥာဉ်တစုံက
ဆဌမအာရုံကို အံတုလို့
ဆောင်းလွင်ပြင်မှာ ကြွေကြရတဲ့
ဒဏ္ဍာရီ ပုံပြင် တပုဒ်ထက်တောင်
ခေါက်ရိုးကျိုးခဲ့လေပြီလား ...

ဘာပဲပြောပြော
သန်းခေါင်ယံညရဲ့
ငှက်ဆိုးထိုးသံက
ငိုရှိုက်သံ ခါးခါး ထက်တော့
သံစဉ် ချိုပါသေးတယ် ...

ဒီလိုနဲ့ပဲ
ချမ်းအေးမြမြ ဆောင်းညတွေမှာ
အဖော်မဲ့သူ သင်းကွဲတစ်ကောင်အတွက်
ညှင်းတိုးပါးလျှတဲ့ ဆုတောင်းသံက
ဆောင်းနှင်းကမ္ဗလ္လာမြေမှာ
အခါခါကြွင်းနေခဲ့ရတယ် ...

ဒီလို မသာယာလှတဲ့
ဆောင်းညလေပွေ တခင်းမှာ
မပွင့်တပွင့် နှလုံးသားကမှ
ချစ်ဖူးသူ နတ်သမီးပျိုကို
ဗျတ္တလို ပန်းဆက်ချင်နေတော့
ကဗျာပန်းခင်းထဲမှာပဲ
ဇာတ်လမ်းတွေ အခါခါ ထပ်လို့ပေါ့ ...

  ~~~ @@@ ~~~
ပုံလေးကို ဒီကနေ ယူပါသည်။

4 comments:

  1. အလွမ်းတွေနဲ့ ပြည့်နေတဲ့ကဗျာလေးကို လာဖတ်ပါတယ်.

    ReplyDelete
  2. လောလောဆယ် တရာလဲ မကယ်နိုင်သေးဘူး အကိုရယ် အရာရာမှာ လေနေမိတယ်

    ReplyDelete
  3. စကားလုံးအဖွဲ့တွေက အရမ်းကောင်းပြီး စိတ်ကိုစွဲငြိစေပါတယ်။

    ReplyDelete
  4. သုံးသွားတဲ့ စကားလုံးတွေ သိပ်လှတယ်အကိုရေ .. ဒါပေမယ့် ကဗျာက တောင့်တောင့်ကြီးလိုပဲ .. စိတ်မဆိုးပါနဲ့ဗျာ .. ကျနော်လဲ သိပ်တော့မသိပါဘူး.. ဒါပေမယ့် ခံစားရသလို ပြောမိပါတယ် .. ခွင့်လွှတ်ပါဗျာ .. =)

    ReplyDelete