Saturday, July 17, 2010

စိတ္တဇ “ည”



အိပ်မက်လိုပါပဲ
ဝိုးတ၀ါး ပုံရိပ်တွေနဲ့
ဒီညဟာ ဆွံအသွားရတယ် ...။

မေ့ပျောက်မရတဲ့ အတိတ်တွေက
ပုံပြင်တစ်ပုဒ်လို
ပါးစပ်ရာဇ၀င် ဖြစ်ခဲ့လေပြီလား ...။

ရှိုက်သံ တချက်က
အခန်းဆက် နက္ကတစ်တွေလို
အဖြူ အမည်း သာသာပါပဲ
တဖျက်ဖျက် လက်နေကြတုန်း ...
တီးတိုးတောင်းပန်သံတွေ
ရင်ထဲမှာ ဖုတ်လှိုက်ဖုတ်လှိုက်
နှလုံးသားဟာ ကမ္ဘာပျက်နေပြီ ...။

ငါလေ ...
အမှုမဲ့ ပါပဲ
အမှတ်တရကို ပြောင်းပြန်တွေး
စိမ်းလန်းစိုပြေ နဘေးကို
ရောက်ရောက်သွားတယ် ...။

အဲဒီတုန်းက ...
နွေးထွေးတဲ့ ရင်ခွင်တစုံ
ချိုမြမြ စကားသံတချို့
ခုံတန်းတနေရာက စာတစ်ကြောင်း
ခုဆို အရောင်တွေပြောင်း
ရာသီတွေ အလီလီ ဟောင်းပြီပေါ့ ...။

သတိရတယ် ... တမ်းတတယ် ... မေ့မရတယ်
တချိန်တခါဆီက နတ်သားလို စံခဲ့သမျှ
ခုတော့ ငရဲလို ခံနေရပြီ ...။

လမင်းရယ် ...
ဘယ်ကမ္ဘာမှာများ ခိုဝင်နားနေလဲ
ဒီကောင်လူသားကတော့
လမိုက်ညမဟုတ်လည်း
သတိရနေဆဲပါ ...။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ
ရင်ခွင်မှာ အမောစို့ဖို့လား
ဒီညဟာ ငါ့အနားရောက်လာတယ်
ခြေသံဖွဖွပေမယ့်
ဝုန်းဒိုင်းကြဲနေတဲ့ ဖိစီးခြင်းတွေ
မသိလိုက်မိတဲ့
မျက်ရည်တစက်က
ရုတ်တရတ် ကြွေကျတယ် ...။

နင်လေ ...
အရိပ်ပြသလိုပါပဲ
ညရဲ့ ၀တ်စုံကို ဆင်ယင်
ပြတင်းတံခါးကို ချည်းနင်း
မှုန်ဝါးဝါး  အလင်းနဲ့
နှလုံးသားကို မြူဆွယ်
စကားတွေ ကြွယ်သွားခဲ့တော့
မာယာတောမှာ မျောမိတဲ့ “ငါ”
မောမိရတဲ့ စိတ်တွေက
ကယောင်ချောက်ချား တုန်လှုပ်
ဒီညမှာ ငုတ်တုတ် ဆွေးရတယ် ...။

ရင်ထဲက ကျင်ခနဲနဲ့
အနာဟောင်းက ထကြွတိုင်း
နှလုံးသားဟာ
တဆစ်ဆစ် အဆိပ်တက်တယ် ...
တော်သင့်ပါပြီလေ ...
ဒီလိုညတွေထဲ
အရင်လို ဘ၀အကြောင်း
မတွေးကောင်းတော့ပါဘူး ...။

ညဟာ ညပဲ
အတိတ်ဟာ အတိတ်ပဲ
ပိတ်မထားတဲ့ တံခါးတချပ်
ခပ်တင်းတင်း စေ့လိုက်တော့မယ် ...။

ငါ့ ဘ၀ ငါ့ အကြောင်းထဲ
သွေးပျက်ညတွေ ကင်းစင်
ကြယ်စင်တွေ လင်းလက်
ရွှေရောင် ပျိုးပျိုးပျက်ပျက်နဲ့
အနာဂတ် ဟင်းလင်းပြင်ထဲ
ပျော်ရွှင်စွာ အိပ်စက်ပါရစေတော့လေ ...။

ညလင်းအိမ် (၁၇.၇.၁၀)

6 comments:

  1. တံခါးလည်းပိတ်တော့.. အိပ်လည်းအိပ်တော့... ဟင်း.... :D:D


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  2. အတိတ်အတွက် တံခါးကို အပြီးပိတ်ပြီး အနာဂါတ် အတွက်ပဲ ဖွင့်ဟထားလိုက်ပါ.. :)

    ReplyDelete
  3. ကဗျာလေးဖတ်ပြီး တစ်မျိုးလေး ခံစားရတယ်
    မျှော်လင့်သလိုဖြစ်မလာတော့ တံခါးပိတ်ထားတာက ပိုကောင်းမယ်ထင်တယ်နော်..

    ReplyDelete
  4. တံခါးလေးစေ့ထားရင် လေတွေများဝင်လာဦးမလား ခေါ်သံတွေလည်း ပါချင်ပါလာမှာပေါ့.. အကိုတော့ မသိဘူးဗျာ..... ကျနော်ကတော့ အကို ကဗျာဖတ်ပြီး ခေါ်သံကိုကြားရတယ်.. မလိုက်သွားတော့ပါဘူးဗျာ.. ကျနော်ငြင်းလိုက်တယ်.. အတိတ်ဟာအတိတ်ပါပဲ.. ဟုတ်တယ်မှတ်လား...

    ReplyDelete
  5. တချိန်တခါဆီက နတ်သားလို စံခဲ့သမျှ
    ခုတော့ ငရဲလို ခံနေရပြီ ...။

    အဲဒီစာကြောင်းလေး မိုက်တယ်

    ReplyDelete
  6. ခင်ဗျားကဗျာတွေက ကောင်းလွန်းပါတယ်လေ
    လောလောဆယ် ကျွန်တော်တုတ်ကွေးကြောင့် ခေါင်းမူးနေတယ် အခုပိုဆိုးသွားပြီး ဘဝတူကြီးရေ... ဟင့်

    ReplyDelete