Saturday, July 24, 2010

“အင်အား”


ညတွေက  တိတ်ဆိတ်မှုကို
အရိပ်လိုပြုလို့  မြှောက်ပင့်ကြတယ် ...။

ဘ၀တွေက  ထိုးနှက်မှုကြောင့်
တချို့က တိုးတက်
တချို့က စိတ်ပျက်ကြတယ် ...။

ကုန်းကောက်စရာမရှိပေမယ့်
ရုန်းလောက်တဲ့ အင်အားနဲ့
လုံ့လများရဲ့အောက်မှာတော့
အကြောက်တရားဆိုတာ
ဖောက်ပြားစရာကို မလိုခဲ့တာ ...။

လဲကျရင် ထလိုက်မယ်
ထူမယ့်သူကို မမျှော်ဘူး...
နွမ်းလျှရင် ကလိုက်မယ်
အားပေးသူမရှိလည်း ဖြစ်တယ် ...။

ကိုယ့်စိတ်နဲ့ ကိုယ့်အရိပ်
တွဲနေသေးသရွေ့
ဘယ်လမ်းဘယ်လောက်ဝေးပစေ
မျှော်မှန်းတဲ့အတိုင်း လျှောက်လှမ်းရဲတယ် ...။

မရှိတဲ့ ကံကိုလည်း မတောင့်တဘူး  
ရှိတဲ့ ဥာဏ်ကိုပဲ ရောင်းချမယ် 
ဝီရိယကို စိုက်ထုတ်
ကာယအလုပ် လုပ်လည်းဖြစ်တယ် ...။

ဒူးမခေါက်သရွေ့   ဒူးမထောက်ဘူး ...။
ဘေးမရောက်သရွေ့   ပြေးမကြောက်ဘူး ...။

ဘ၀ကို ခုတုံးလုပ်
လူလုံးပြုတ်လဲ အပူရုပ်တော့မလုပ်ဘူး ...
ကိုယ့်လက်နဲ့ ကိုယ့်ခြေ
သက်သေတွေတည်မယ်
ကိုယ့်ကိုကိုယ် မာန်တင်း
ဖန်ဆင်းရဲတယ် ...။

နာကျင်မယ့် ကြမ္မာတွေ
လာချင်လည်းလာပါစေ ...
ကိုယ့်မိသားစုအတွက်
ဘ၀ကိုကိုယ်စားပြု
အနာဂါတ်ကိုထုဆစ်မယ် ...
ဆုဖြစ်မယ့်အတွေးတွေနဲ့
လျှောက်လှမ်းမယ့်လမ်းကတော့
မဝေးတော့ပါဘူးလေ ... ။
~~~~ @@@@@@@ ~~~~~

ဒီကဗျာလေးက ကျွန်တော် စိတ်အရမ်းညစ်တုန်းက ရေးခဲ့တာ။ အားငယ်စိတ်ဝင်တိုင်း ဒီကဗျာလေးကို ပြန်ပြန်ဖတ်မိတယ်။ အခု အသစ်မရေးနိုင်သေးလို့ အဟောင်းလေးကိုပဲ ပြန်တင်လိုက်ပါတယ် ။

ဒါနဲ့ စကားမစပ် အခုလာနေတဲ့ သီချင်းလေးက ကျွန်တော်နဲ့ အတူတူနေတဲ့ အခန်းဖော် အစ်ကိုကြီးက သူစိတ်အရမ်းညစ်တုန်းက ရေးထားခဲ့တာပါ။ ကျွန်တော်နားထောင်မိပြီး ကောင်းလွန်းလို့ သူ့ကိုပဲ ဂစ်တာတီး သီချင်းဆိုခိုင်းပြီး ကျွန်တော်က အသံသွင်းခဲ့တာပါ။

သီချင်းလေးနာမည်က - “ဘ၀” 
တေးရေး၊ တေးဆို - ဖိုးစည်

နားထောင်ပြီး အားပေးကြပါဦး ... :)

6 comments:

  1. ဒီလိုပဲ ကိုယ့်နည်းကိုယ့်ဟန်တွေနဲ့ ရှေ့ဆက်ဖို့ အားအင်တွေ စုစည်းကြရတယ်။ အဝေးမှာ ရောက်နေရတဲ့သူအတွက် စုစည်းရတာ ပိုပင်ပန်းတယ်။ အလုပ်ပြန်လာချိန်မှာ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တွေ့ဆုံပြီး နောက်တနေ့ အတွက် ပေါ့ပါးလတ်ဆတ်ဖို့ အခွင့်အရေး မရှိကြဘူး။ ကြာလာတော့လည်း အထီးကျန်ခြင်း မှာ အသားကျ လာရတယ်။

    ReplyDelete
  2. အင်အားဆိုလို့ ဂျာနယ်များလားလို့ဗျာ

    ReplyDelete
  3. ဆု အဖြစ်အတွေးတွေကတော့ အမြဲပိုင်ဆိုင်နေတာပေါ့ဗျား)

    ReplyDelete
  4. ဒီကဗျာထဲက အရမ်းကြိုက်တဲ့အပိုဒ်လေးကို ဆိုဒ်ဘားမှ တင်ဖို့ ကူးသွားတဲ့ ညလင်းအိမ်ရေ ကဗျာအရမ်းကောင်းတယ် အားတွေတောင် တက်သွားသလို ကျေးဇူးပါ ။

    ReplyDelete
  5. ကိုတူး....
    ဒီကဗျာလေး တကယ်ကောင်းတယ်။ ဖတ်ရတဲ့သူတွေကိုပါ အားတက်စေတယ်။ ကိုတူးကအဲလိုကဗျာမျိုးရေးလိမ့်မယ်လို့ ထင်တောင်မထင်ဘူး။ အမြဲတမ်းအသည်းကွဲကဗျာတွေချည်းရေးနေလို့လေ။ :P

    Aja Aja Fighting!!!! :)

    ReplyDelete
  6. ဟုတ်တာပေါ့...အပေါ်ကအမကြီးပြောတာမှန်တယ်။

    ReplyDelete