Saturday, October 24, 2009

ကြယ်သေ ***




နက္ခတ်စုံစီ   အရီရီနှင့်
ရှစ်ခွင်ပတ်လုံး   မိုးသားလုံးတို့
မခို့တစိတ်   ပြုံးရိပ်သန်းရောင်
လရောင်ကွေးကွေး   သူ့နဘေး၌
ဝပ်ဆင်းခယ   ယှဉ်တွဲကြတဲ့
သန်းခေါင်ယံည   စစ်ခင်းပွဲမှာ ...

ကြယ်ဓူဝံက   အထီးတည်းနှင့်
တည်ရှိမှုကို   ကိုယ်စားပြုဧ။် ။

ကြယ်စင်ညီနောင်    ခုနစ်ကောင်က
သန်းခေါင်လှနှင့်   ဖင်ထောင်ကလို့
အရောင်မယွင်း   စုစည်းခြင်းဖြင့်
ကကြိုးရင်းကို   တမျိုးခင်းဧ။် ။

ကြယ်စင်အလှ   အိုရီယွမ်က  
ချစ်သင်္ကေတ   သစ္စာလှကို
သဘာဝနှင့်   ယှဉ်တွဲပြဧ။် ။

ကြယ်စင်အားလုံး   အစုရုံးနှင့်
သူတို့စွမ်းစ   ပင်ကိုလှကို
မရမက   ထုတ်ပြကြဧ။် ။

အဝေးတနေ   ကြယ်စင်သေက
ကပြရမယ့်   စစ်ခင်းပွဲမှာ
သူ့ထက်စွမ်းကား   သာလွန်ချည်းမို့
တခြမ်းပဲ့တဲ့   သူ့သက်တမ်းကို
ဘယ်လိုစခန်း   သွားရအံ့ဟု
ကြွေရပင်လျှင်   မြတ်လှချေဧ။်
လူတို့တောင်းဆု   ပြည့်နိုင်မှုကြောင့်
အားမှမတန်   မာန်ကိုအလျော့
ကမ္ဘာမြေတွင်း   သွတ်သွင်းလိုက်မယ်
နောက်ဆုံးအလှ   ငါ့ဘ၀ကို
ကြယ်စင်အားလုံး   ခံစားရင်းဖြင့်   သံဝေဂယူကြလော့ ။ ...

(Orion = မောင်ရင်ဆိုင်းထမ်းကြယ်)
(ဘာရယ်မဟုတ်ပါဘူး ကောင်းကင်ကိုကြည့်ရင်းနဲ့ ကြယ်တစင်းကြွေကျတာကို သတိရမိလို့ပါ)

Friday, October 23, 2009

သတိရပါ

သံစဉ်ပျက်နေတဲ့ ဂစ်တာတလက်
ကာရန်ညှိမယ့် ကြိုးတွေနဲ့
တီးခတ်မယ့် သူကိုမျှော်နေလေရဲ့ ။

အရှေ့မှာတော့ ငရဲသားတွေက
အတွေးမှားအောင် ရန်ထောင်နေကြတယ် ။

ဘ၀ဆိုတာ မလှပတာလူတိုင်းသိတယ်
ရတာမရတာတော့ အပထား
လက်တကမ်းက ပန်းအလှကို
တမ်းတချင်ကြတာပဲ ။

ဘာကြောင့်လဲ
နားရည်ဝမယ့် စာသားအလှတွေနဲ့
ပါးစပ်ဖျားက သေမလောက်ပြောလဲ
ကြွေမသွားလောက်ပါလား ။

စဉ်းစားကြည့်ပါ
ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီမှာ
အချစ်ဆိုတဲ့ ကဗျာဟာ
မရေရာပေမယ့် သေချာတာက
ဒဏ်ရာဆူးနက် တချက်ထိရင်
ဘယ်လောက်ခံရခက်မလဲ ။

သွားချင်ရင်သွားပါ
မလှပနိုင်ပေမယ့်
ဥယျာဉ်မှူးတို့ဘဝ
ပျိုးခဲ့တဲ့ပန်း လန်းခဲ့ရတယ်ဆို
ပန်းပျိုးလက်တဖက်နဲ့တောင်
အသက်ဆက်နိုင်ပါသေးတယ် ။

ဒါပေမယ့်
သစ္စာတွေအပ်
မေတ္တာတွေ အထပ်ထပ်ခင်းခဲ့တဲ့
ပန်းပျိုးရက် ဘ၀တစ်သက်ကို
အမုန်းမိုးစက်တွေနဲ့တော့
ရင်ဝတဖက်တချက်ကို
သေရခက်အောင် မစူးစိုက်ခဲ့ပါနဲ့
သံစဉ်ပျက်နေတယ်ဆိုတဲ့ ဂစ်တာပျိုရယ် ။

Wednesday, October 21, 2009

သွေးလှူဒါန်းမိသည့်အခါဝယ်


လောကတွင် ကိုယ်ခန္ဓာမှ တခုခုကို ထုတ်ယူလှူဒါန်းခြင်းသည် မွန်မြန်သောအလှူဟု ဆိုကြပါသည်။ ထိုအထဲတွင်မှ သွေးလှူဒါန်းခြင်းကား မိမိဧ။်သွေးဖြင့် မည်သူမည်ဝါမှန်းမသိသော လူအသက်ပေါင်းများစွာကို အသက်ဆက်စေနိုင်သည့် အတွက် သွေးလှူဒါန်းခြင်းသည်ကားလည်း မွန်မြတ်လှသောအလှူဖြစ်ပါသည်။
ဒီနေ့ ကျွန်တော်လှူဒါန်းခဲ့သော အလှူကိုသာဓုခေါ်စေနိုင်ရန်နှင့် စင်ကာပူတွင် ရောက်နေကြသော မောင်နှမတို့အား သွေးလှူဒါန်းခြင်းအမှုကို ပြုနိုင်ရန် ယခုပို့စ်လေးကို နှိုးဆော်ရေးသားလိုက်ရပါသည်။

တကယ်ဆိုရင် ကျွန်တော်စင်ကာပူရောက်ပြီး သွေးလှူတာ ယခုအကြိမ်နှင့်ဆို ၂ ကြိမ်ရှိခဲ့ပါပြီ။ အရင်ရက် တွေကတည်းက နောက်တစ်ကြိမ်သွေးလှူလို့ရနေပါပြီ။ သူငယ်ချင်းတွေမအား၍တကြောင်း၊ သူတို့အားတဲ့ စနေ၊ တနင်္ဂနွေက ကျွန်တော်မအား၍ တကြောင်း မသွားဖြစ်ခဲ့ခြင်းပါ။ ဒီနေ့တော့  ရောက်အောင်သွားမယ်ဆိုပြီး တစ်ယောက်တည်းပဲ ထွက်လာခဲ့လိုက်တယ်။ ကျွန်တော် HSA (Health Sciences Authority) ရှိရာ Outram Park MRT ကိုရောက်တော့ နေ့လယ်ဖြစ်နေပြီ။ တစ်ယောက်တည်းလမ်းလျှောက်လာရင်း Blood Bank ထဲကို ၀င်လိုက်တာနဲ့ ကျောင်းသားကျောင်းသူလေးတစ်ဖွဲ့ ကိုတွေ့လိုက်ရတယ်။ သူတို့အားလုံးပျော်နေကြတယ်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ သူတို့ပထမ အကြိမ်လှူဒါန်းခြင်းဆိုတာ လက်မောင်းက First Time ဆိုတဲ့ စတစ်ကာလေးတွေကနေ သိလိုက်ရတယ်။ ရင်ထဲမှ သာဓုခေါ်လိုက်မိပါတယ်။ ပထမဆုံး ကောင်တာမှာ ဖောင်ယူပြီး သူတို့မေးထားတဲ့မေးခွန်းလေးတွေကိုဖြေရတယ်။ နောက်ပြီးစစ်ဆေးတဲ့ဆရာဝန်က မြန်မာဖြစ်နေတော့ ပိုပြီးအဆင်ပြေသွားတယ်။ မသိနားမလည်တဲ့ မေးခွန်းတွေကို မေးခွင့်ရလိုက်တယ်။
စစ်ဆေးပြီးတဲ့ အခါမှာ နောက်ကောင်တာတခုမှာ သွေးစစ်ရတယ်။ နောက်ဆုံး သွေးလှူဒါန်းမယ့် အခန်းထဲကို ကျွန်တော်ဝင်လာခဲ့တယ်။ ပစ္စည်းတွေက အားလုံးတခါသုံးတွေပါပဲ။ လက်အိတ်ကအစ တခါသုံးရာဘာလက်အိတ်တွေနဲ့ သန့်ရှင်းမှုတော့ တော်တော်ရှိပါတယ်။ ထူးထူးဆန်းဆန်းအံ့သြစရာ ကြုံရသေးတယ်ဗျ။ ကျွန်တော့်ကို သွေးထုတ်ပြီး ၄ မိနစ်ပဲရှိသေးတယ် တစ်ပုလင်းပြည့်သွားတယ်။ ထုတ်ပေးတဲ့နပ်စ်ကအံ့သြနေတယ်။ ခင်ဗျားသွေးအား တော်တော်ကောင်းတာပဲလို့တောင် ပြောသွားသေးတယ်။ သွေးလှူဒါန်းပြီးတဲ့ နောက်မှာတော့ ဆေးရုံကနေ မိုင်လိုတခွက်နဲ့ မုန့်တခု၊ ပဲဟင်းချို တခွက်ကို တိုက်ပါတယ်။ သွေးအားအမြန့်ပြန်ပြည့်စေမယ့် ဆေးတွေလည်းပေးလိုက်ပါတယ်။ နောက်ဆုံး ကျွန်တော်ဆေးရုံကနေ ပြန်လာတော့ ဆေးရုံဝင်ပေါက်ဝကို ပြန်လှည့်ကြည့်ရင်း အတွေးဝင်လာခဲ့တယ်။
အဲဒါတွေကတော့
(၁) သွေးလှူဒါန်းခြင်းကား မွန်မြတ်သောအလှူဖြစ်ခြင်း။
(၂) မိမိကသွေးကိုထုတ်လိုက်သည့်အတွက် သွေးအသစ်ကိုပြန်ရပြီး Blood Circulation ကိုပိုကောင်းစေခြင်း။
(၃) သွေးလှူဒါန်းရမည့် အတွက် ကျန်းမာရေးကို ပိုဂရုစိုက်မိခြင်း။
(၄) မိမိဧ။်သန့်သောသွေးကိုသာ လှူဒါန်းချင်သည့်အတွက် အပျော်အပါးလိုက်စားဖို့ရန်ပင် ၀န်လေးလာခြင်း။
(၅) မိမိဧ။်ကျန်းမာရေးနှင့် မိမိဧ။်ဘ၀ကို ယုံကြည်စိတ်ချမှုရှိလာခြင်း။
စသည့် အခြားခြားသော ကောင်းကျိုးတွေကို ရရှိနိုင်ပါလားလို့။
ထို့ကြောင့် စင်ကာပူတွင်ရောက်နေကြသော မောင်နှမများအား သွေးလှူဒါန်းချင်ပါက လှူဒါန်းနိုင်စေရန် ဒီပို့စ်လေးဖြင့် နှိုးဆော်လိုက်ရပါသည်။

သွေးလှူဒါန်းရမယ့် လိမ်စာက

Bloodbank@HSA
Blood Services Group
Health Sciences Authority
11 Outram Road,near by Outram Park MRT
Singapore 169078
Tel: 6213 0626 / 6223 5640 Fax: 6222 0085

လှူဒါန်းနိုင်တဲ့ အချိန်တွေကတော့
အင်္ဂါ - မနက် ၉ နာရီမှ ညနေ ၆ နာရီခွဲထိ
ဗုဒ္ဓဟူး - မနက် ၉ နာရီမှ ညနေ ၆ နာရီခွဲထိ
ကြာသာပတေး - မနက် ၉ နာရီမှ ညနေ ၆ နာရီခွဲထိ
သောကြာ - မနက် ၉ နာရီမှ ည ၈ နာရီထိ
စနေ - မနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ
တနင်္ဂနွေ - မနက် ၉ နာရီမှ နေ့လယ် ၂ နာရီထိ



(အားလုံးပဲ ကုသိုလ်ဖြစ်ရာဖြစ်ကြောင်း လက်ဆင့်ကမ်းပေးကြပါလို့ တိုက်တွန်းပါရစေ)


Tuesday, October 20, 2009

ဝမ်းနည်းမှုတမ်းချင်း

နေညိုချိန် အပြန်လမ်းမှာ
အလွမ်းတွေကို ထွေးပွေ့ပြီး
ပြန်ရလိမ့်မယ်လို့ မထင်ခဲ့တော့
အိပ်တန်းပြန်ငှက်တွေရဲ့
လှောင်ပြောင်မှုကို ခံခဲ့ရတယ်...

ဝမ်းနည်းစွာ နာကျင်နေတဲ့
ရင်ဘတ်ထဲက မျက်ရည်တစက်
ကတ္တရာလမ်းထက် အကျဝယ်
ခြေလှမ်းတွေနဲ့ နင်းချေမှုအောက်မှာ
ပျောက်ခဲ့ရပေမယ့်
အိုင်သွန်းခဲ့တဲ့ မျက်ရည်စက်တွေ
ရင်ထဲမှာ ပြည့်လျှံလို့နေတာ
ဘယ်သူခံစား သိနိုင်မှာလဲ...

မင်းနဲ့တို့နဲ့ ကွာခြားမှုများစွာကို
ဖြည့်ဆည်းနားလည်ပေးဖို့
ဆုံးဖြတ်ထားခဲ့ပေမယ့်
တကယ်တမ်း ရင်ဆိုင်ရတဲ့အခါ
ကြွေနွမ်းသွားတဲ့ ပွင့်ဖတ်တွေလို
နှလုံးသားဟာ အသက်ငင်ဖို့တောင်
အချိန်မမှီခဲ့ပါဘူး...

တကယ်တော့
မင်းကိုချုပ်ချယ်ခဲ့တာ
မဟုတ်ရပါဘူး
မင်းဘက်ကကြည့်ရင်
ပိတ်ပင်မှုလို့ ထင်နိုင်ပေမယ့်
ငါ့ဘက်ကကြည့်ရင်
ယုယဂရုစိုက်မှုလို့
ထင်ယောင်မိခဲ့လို့
သဘာဝတရားက
အပြစ်ပေးလိုက်တာလား...

နောက်ဆိုရင်
မင်းစိတ်အနှောင့်အယှက်ဖြစ်မယ့်
စကားမျိုးကို မပြောရဲတော့ပါဘူး
ရင်ထဲမှာပဲ ကြိတ်မှိတ်လို့
နှလုံးသားတွေ ပေါက်ကွဲလွင့်ထွက်ပါစေ
ပူလောင်ကြေကွဲပါစေ
ထာဝရခံယူဖို့ အသင့်ပါပဲ...

အခုတော့ကွာ
ဝမ်းနည်းကြေကွဲနေတဲ့
မျက်ရည်တွေကို
ကဗျာစာသားဖြင့်သုတ်လို့
နာကျင်စွာ ရေးထွင်းခဲ့တဲ့
ညတစ်ညတော့
တရေးနိုးပေါင်းများစွာဖြင့်
မိုးလင်းခဲ့ပြီလေ...


(ကဗျာအသစ်တွေထပ်မရေးနိုင်သေးတာနဲ့ လွန်ခဲ့တဲ့ ကာလတွေက မတင်လိုက်ရတဲ့ ကဗျာလေးကိုပဲ တင်မိလိုက်တယ်)

Wednesday, October 14, 2009

လှရက်လွန်းလို့

ပန်းဆီရောင်နှုတ်ခမ်းဖျားက
ထွက်ကျလာတဲ့စကား
ရူးသွားလောက်အောင်ပင်
ချိုသာလွန်းပါဧ။်၊
ကြည်ပြာရောင်မျက်ဝန်းများက
ဖွင့်အလာတဲ့အကြည့်
ပြောမပြတတ်အောင်ပင်
ရင်ဖိုလွန်းပါဧ။်၊
မင်ရဲ့အကြည့်တချက်နဲ့
ဆံနွယ်တချက်အသပ်မှာ
ရင်ကိုတဖျက်ဖျက်ခတ်စေတော့
မာန်တင်းထားတဲ့လေးကြိုးတောင်
ညွှတ်ဆင်းရရှာပြီပေါ့လေ...

Sunday, October 4, 2009

ပျံသန်းဖို့အတွေး

လေထုရှိုက်သံအကြားက
အလွမ်းချင်းခတ်သံကို
နှလုံးသားနဲ့ အပ်နိုင်ဖို့
အသေအချာပြင်ပြီးကာမှ...
အခြေမခိုင်ခဲ့တဲ့ဘဝ
အနေယိုင်ခဲ့ရတာကြောင့်
ချစ်သူ့ဆီပျံသန်းဖို့
ဖွင့်ထားခဲ့တဲ့အတောင်
ခရီးမစခင်မှာတင်
အရာရာပျက်သုန်းခဲ့ရပြီ...

ဒီလိုနဲ့...
ကမ္ဘာမြေတစ်ဘက်ခြားက
မဟာသက်ထားချစ်သူကို
စာလွှာပေစကားတွေနဲ့ပဲ
ဘယ်အခါဘယ်ကာလထိ
ကျေနပ်နှစ်သိပ့်နေရတော့မှာလဲ...

တွေ့ချင်လှပါပြီ။
မြင်ချင်လှပါပြီ။
လွမ်းနေရပါပြီ။

တကြိမ်တခါမက
မျှော်လင့်ခဲ့တဲ့ အပြန်လမ်းမှာ
ရော်လွင့်ခဲ့ရတဲ့ ကံကြမ္မာကြောင့်
ပျံသန်းဖို့ခရီးစဉ်
စိတ်ကူးယဉ်မနက်ဖြန်များစွာကို
အလွမ်းတွေတပွေ့တပိုက်
စိက်ကူးတွေအထပ်ထပ်နဲ့
အားမာန်ပြည့်စွာ ပျံသန်းနိုင်မယ့်
နေ့တရက်ကို သိမ်းပိုက်ရပါစေတော့...

Saturday, October 3, 2009

ဖြစ်ချင်ခဲ့သော သီတင်းကျွတ်လပြည့်နေ့





ဒီနေ့ဟာ သီတင်းကျွတ်လပြည့်နေ့ပေါ့။ အားလုံးပျော်နေကြမှာပါပဲ။ ချစ်သူနဲ့ အဝေးမှာရောက်နေတဲ့ ကျွန်တော်ကတော့ မပျော်နိုင်ခဲ့ပါဘူး။ သူ့ကိုပဲလွမ်းဆွတ်နေမိတယ်။ ဒီလိုအချိန်မှာ ချစ်သူနဲ့အတူတူ မီးပန်းတွေလွှတ်ပြီး အတူတူရှိနေချင်လိုက်တာ။ ကျွန်တော်တွေးနေမိတာက နောင်သီတင်းကျွတ် လပြည့်နေ့ကိုရောက်တိုင်း စီစဉ်ထားတာလေးတခုရှိတယ်။ အဲဒါက ပထမ ရွှေတိဂုံဘုရားမှာ ဆုတောင်းကြမယ်။ နောက်ပြီး ရုပ်ရှင်အတူတူ သွားကြည့်ကြမယ်။ အတူတူ နေ့လည်စာစားကြမယ်။ တနေရာရာမှာထိုင်ပြီး ချစ်လို့မ၀တဲ့အကြောင်း တွေပြောကြမယ်။ မိုးချုပ်ထိတိုင်နေပြီး မီးပန်းတွေလွှတ်ကြမယ်။ ဖုယောင်းတိုင်တွေ ထွန်းကြမယ်ပေါ့လေ။ စိတ်ကူးထဲမှာတော့ အရမ်းကိုပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့နေ့ရက်လေးပါပဲ။
ဒါတွေကို ချစ်သူကိုပြောပြဖို့ ကျွန်တော် Online မှာစောင့်နေခဲ့မိတယ်။ တွေ့တဲ့အချိန်မှာတော့ ကျွန်တော်ပြောပြဖို့ကိုတောင် စွန့်အသွားခဲ့ရတယ်။ သူက သေဆုံးသွားခဲ့ရတဲ့ သူ့အရင်ချစ်သူကောင်လေးကို သတိရနေတယ်တဲ့။ ဒီလိုအချိန်တွေမှာ သူတို့အတွက် အမှတ်ရစရာတွေရှိခဲ့မှာပဲလေ။ ကျွန်တော်နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ရင်ထဲမသိစိတ်က ဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုကော ဘယ်သူသိနိုင်မှာလဲ။ အတန်တန်ထိန်းထားပေမယ့် မျက်ဝန်းမှာ မျက်ရည်တွေ စိုစွတ်ခဲ့ရတယ်။ဘာကြောင့်မှန်းတော့မသိဘူး။ ရင်ထဲမှာလည်း စိတ်မကောင်း ဖြစ်သွားခဲ့ရတယ်။ သူဒီလိုခံစားနေရတာ ကျွန်တော်မမြင်ချင်ဘူး။ သူ့အတွက် ပိုပြီးပြီးပြည့်စုံတဲ့ ဘ၀တခုကို ကျွန်တော်ဖန်တီးပေးချင်တာပါ။ အများကြီးလည်း ရည်ရွယ်ထားပါတယ်။ ဝေးနေရတဲ့ အချိန်မှာတော့ ကျွန်တော်ဘာလုပ်ပေးနိုင်မှာလဲ။ စကားတွေနဲ့ အားပေးလည်း ကျွန်တော်မှ သူနံဘေးမှာ မရှိနိုင်သေးတာလေ။ ဘာပဲဖြစ်ဖြစ်ခုအချိန်မှာ မပြောခဲ့ရသေးပေမယ့် နောင်နှစ်တိုင်းနှစ်တိုင်း ကျွန်တော်ရဲ့စိတ်ကူးလေးကို အကောင်အထည်ဖော်ချင်ပါတယ်။ ဖြစ်နိုင်ခဲ့ရင် အချိန်တိုင်းသူ့နဘေးမှ နေပေးချင်တယ်။ ခုအချိန်မှာတော့ လွမ်းနေရတယ်၊ စိုးရိမ်နေရတယ် ဆိုတာသူကောသိပါလေစ။ ကျွန်တော့်မှာလည်း အတိတ်ဆိုတာရှိခဲ့ဘူးပါတယ်။ လူဆိုတာ အတိတ်ကို မေ့နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ပစ္စုန်ပ္ပန်မှာတော့ အတိတ်ကအရာတွေကို မလွှမ်းမိုးစေချင်ပါဘူး။ အတိတ်ကြောင့်သာ ပစ္စုန်ပ္ပန်မှာ ကောင်းကောင်းမဖန်တီးနိုင်ခဲ့ရင် အနာဂတ်မှာ ကောင်းလာဖို့ဆိုတာ ရာခိုင်နှုန်းနဲပါတယ်။ ခုလိုသီတင်းကျွတ်လပြည့်နေ့မှာ ချစ်သူတိုင်း ချစ်သူတိုင်း ပျော်ရွှင်စွာနဲ့ အနာဂတ်ကို ဖန်တီးနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်။ ကိုယ့်ဘေးမှာရှိတဲ့ ချစ်သူကိုတန်ဖိုးထားကြပါ။ ကြင်နာကြပါ။ နားလည်ကြပါစေလို့။
ကျွန်တော်ကတော့ ကျွန်တော်ဖြစ်ချင်ခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့လေးကို စောင့်စားမျှော်လင့်ရင်း၊ ချစ်သူနဲ့ဆုံဆည်းရမယ့်ရက်ကို လက်ချိုးရေတွက် နေမိပါတော့တယ်။