Monday, August 10, 2009

သံစဉ်တွေပျောက်တဲ့ည...


အဲဒီညက
မင်းနှုတ်ခမ်းဖျားက
သေလောက်တဲ့စကားတွေ
ဖြေဖျောက်စရာမရှိလောက်အောင်
ရင်ကိုတစဆီမွှန်းခဲ့.....

အဲဒီညက
လေလှိုင်းကြားက
တုန်ခါနှုန်းလောက်တော့
အကြိမ်တစ်ရာလုံးမကတောင်
အငိုမျက်လုံးများကို
အသေအချာသုံးခဲ့....

အဲဒီညက
သေမင်းကလာခေါ်ရင်တောင်
ဖြေရှင်းကာရှောင်မနေပဲ
အမှန်တကာချစ်ကြောင်းကို
သက်သေတွေပြ
မျက်ရည်တွေခမနေတော့
လက်တဖက်မှာ ဓားကိုကိုင်
အသက်သာဆုံးစေတော့
ထပ်ကာမရှုံးချင်တော့
တသက်တာလုံးအတွက်
အပြတ်သာတုံးလိုက်တော့မယ်
စဉ်းစားစဉ်အခိုက်
ချစ်သူရဲ့အသံ
နားဝင်ပီယံစကား
အသေအချာတားတော့
အိမ်မက်ကလန့်နိုး
သေမင်းအလစ်မှာ
ချက်ချင်းလစ်ခဲ့ရတယ်
သံစဉ်တွေပျောက်တဲ့ ...ညကပေါ့...

Thursday, August 6, 2009

နေညိုအလွမ်း



နေညိုလာရင်
အလွမ်းရိပ်တို့
ရိုးတိုးရိပ်တိတ်
တိုးတဆိတ်ဆိတ်
ရင်အစုံကို
ခိုဝင်ပြီးထိတ် .....

ကြိတ်မှိတ်ရင်ထဲ
ဆွေးလျက်နေမြဲ
ဝေးခဲ့နေ့လည်း
တွေးလို့နေဆဲ
ချစ်တဲ့စိတ်လည်း
မပြောင်းလဲပဲ .....

ဝေဒနာပူ
ရင်မှာထူလို့
အကြင်နာသူ
စဉ်လာကူဖို့
နေညိုလာရင်
မျှော်ကာနေလို့
တနေရာဆီ
ချစ်သူထံသို့ .....

Wednesday, August 5, 2009

အလွမ်း


လွမ်းရယ်မပြေ
လမ်းထွေထွေမှာ
အနမ်းတွေမဲ့
တွေ့ရန်ခက်တဲ့
အလှမ်းရယ်ကွာ
မိုင်ထောင်ချီမို့
သံချိုတေးဆို
ချစ်ငှက်ပျိုကို
မှန်းမျှော်တမ်းတ
လွမ်းနာကျတဲ့
ထီးကျန်ငှက်အို
ဆန္ဒထိုကို
ဘယ်သူဖြည့်ဆီး ပေးနိုင်မှာလဲ...

Monday, July 13, 2009

တနေ့

ချစ်သူ...
အလွမ်းတွေဖွဲ့
အတွေးယှက်တဲ့
စိတ်ကူးမြစ်မှာ
စာသားတွေဖောင်ဖွဲ့
ကဗျာတွေနဲ့လှော်ခတ်လို့
မျောလွင့်နေခဲ့မိတယ်...

ချစ်သူ...
ညဆိုလည်းလွမ်းတယ်
ခဏဆိုလည်းလွမ်းတယ်

သို့ပေမယ့်...
တမြေစီအဝေးမှာ
အနေတွေမနီးခဲ့လဲ
သစ္စာတွေတိုင်တည်
မေတ္တာတွေမယိုင်ပါ
နားလည်မှုကိုအခြေပြု
ဘ၀တူတူထုဆစ်ဖို့
လွမ်းရက်တွေကိုနင်း
အချစ်တွေထပ်ရင်းကာ
ကျော်ဖြတ်ကြမယ်လေ
တွေ့ဆုံကြမယ့် နေ့တနေ့ဆီသို့....

Saturday, June 27, 2009

လေလှိုင်းဆီသို့...

စူးရှရှမျက်ဝန်း
သေးလျတဲ့ သူ့အပြုံးက
ရင်ခွင်မှာအကြည်ဆိုက်
ခိုက်လိုက်မိတာ...

နူးညံ့ညံ့ဆံနွယ်
လေယူရာတိမ်းတော့
အမူအရာတွေအယိမ်းမှာ
အကြင်နာတွေရင်မှာပိုက်
ချစ်လိုက်မိတာ...

ဒီလိုနဲ့...
ချိုမျမျစကားသံ
ကြားရဖန်များတော့
တနေ့တနာရီဝေးရင်တောင်
အလွမ်းကုဋေရှည်တယ်ထင်မို့
အမြဲတစေ ကြားချင်ပြန်တော့
လှမ်းလာခဲ့မယ်လေ
ချစ်သူရှိရာ လေလှိုင်းဆီသို့...

Saturday, June 20, 2009

အဖေ










သားတို့တီတာ
ငယ်စဉ်တည်းက
သားတို့မီးတို့
ဆူးမထိအောင်
အစဉ်ပိုက်ထွေး
သားချော့တေးဖြင့်
အမြဲတစေ
အပြစ်မမြင်
အဖမေတ္တာ
ကရုဏာဖြင့်
ချစ်ချင်ခဲ့တဲ့ ... အဖေ

အရွယ်ရောက်သော်
ကျောင်းတော်ကြီး၌
အများတန်းတူ
အလိုသမျှ
မရှိရပဲ
အရာခပ်သိမ်း
ပြည့်စုံငြိမ်းအောင်
အပတ်တကုပ်
အလုပ်လုပ်၍
ရှာဖွေကျွေးမွေး
လုပ်ကျွေးခဲ့တဲ့ ... အဖေ

ချော့ကာတခါ
ချောက်တလှည့်ဖြင့်
စကားများထွေ
အမုန်းယူ၍
ပြောဆိုသော်လည်း
ရင်ထဲတွင်တော့
ကြီးမားမေတ္တာ
စေတနာဖြင့်
သားတို့ကောင်းကျိုး
အစဉ်တိုးအောင်
လမ်းပြပြုပြင်
ညွှန်ကြားပေးခဲ့တဲ့ ... အဖေ

ဖခင်ကျင့်ဝတ်
မပျက်ရအောင်
ငယ်ကစ၍
ရွယ်ရောက်ထိတိုင်
အရိပ်တကြည့်
စိတ်အသိနှင့်
ပူပန်ခြင်းငှာ
မဖော်ပြလည်း
ရင်ထဲတွင်တော့
သားတို့ကျန်းမာ
ချမ်းသာစေကြောင်း
ဆုတောင်းပေးခဲ့တဲ့ ... အဖေ

အဖေ... အဖေ...အဖေ
တွေ့ဆုံချိန်တွေ
နည်းခဲ့သော်လည်း
နောက်ကွယ်ကနေ
သားတို့မျက်ရည်
မကျရအောင်
ပင်ပင်ပန်းပန်း
ရှာဖွေဖြည့်ဆီး
ပေးဆပ်ရင်းနဲ့
ဇရာထောင်းသွားခဲ့ရတဲ့... အဖေရယ်

သား(သမီး)တို့
ပြန်အလာကို
နွေးထွေးနေတဲ့
ရင်ခွင်တစုံ
မေတ္တာဟုန်နဲ့
အမိနည်းတူ
အမြဲကမ်းလင့်
ကြိုဆိုနေတဲ့
အဖေများဆီသို့.........

(၂၁.၆.၂၀၀၉ တွင်ကျရောက်သော အဖေများနေ့ကို ဂုဏ်ပြုသောအားဖြင့်)

Tuesday, June 9, 2009

ဆောင်း


နှင်းပွင့်တွေကြွေ
အလင်းဝေသည့်

ဝေလီဝေလင်း
နံနက်ခင်းမှာ

သာယာကြည်နူး
ကျေးငှက်မြူးသည်

တွန်ကျူးဖန်သာ
သံစဉ်ဝါနှင့်

ကြည်ပြာဝင်းပ
ကောင်းကင်လှထက်

ဖြူစင်ရွှန်းလဲ့
မင်းပုံရိပ်ကို

ရေးရေးထင်လာ
မြင်ယောင်မိသည် ...


သို့ပေမယ့်...

ဟိုးတချိန်က
ဆောင်းပုံရိပ်ထဲ

အကြောင်းမကုန်တဲ့
အတိတ်ပေမယ့်

အဟောင်းကုန်ရင်
အသစ်လာစမြဲမို့

မပြောင်းချင်ပေမယ့်
တဆောင်းတော့
သစ်လာတော့မှာပါလား...